NewsPolitic

ကျောက်ဖြူစစ်ရှောင်တွေအတွက် သောက်သုံးရေ အခက်အခဲရှိနေ

အာရက္ခတိုင်းမ်စ် (၆ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်တွေအတွက် သောက်သုံးရေ အခက်အခဲရှိနေတယ်လို့ Arakan Responders for Emergency ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

လက်တလောမှာတော့ ရက္ခိုင်ပြည်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အပြင် ရက္ခိုင်ပြည် နယ်စပ်ဒေသ ၃ ခု မှာလည်း စစ်ကော်မရှင် နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်‌လျက် ရှိပါတယ်။

အဆိုပါ တိုက်ပွဲများကြောင့် ‌ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ၂၅,၀၀၀ ခန့်၊ ရမ်းဗြဲမြို့နယ်မှာ ကျောက်ဖြူစစ်‌ဘေးရှောင် ၈၀၀၀ ခန့် နဲ့ တောင်ကုတ်မြို့နယ်မှာ ကျောက်ဖြူစစ်ဘေးရှောင် ၅၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

“ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တွေဟာ ရေ နဲ့ သန့်ရှင်းရေး ကိစ္စရပ်တွေမှာ များစွာ အခက်အခဲရှိပါတယ်။ ရေအခက်အခဲရှိတဲ့  နေရာတွေကတော့ အများကြီးပါ၊ လက်ရှိမှာ တချို့ စစ်ရှောင်စခန်းတွေမှာ ရေလုံလောက်မှု ရှိပေမယ့် တချိုနေရာမှာ ရေခက်ခဲမှု ရှိနေပါတယ်။ ရေက နောက်လလောက်ဆိုရင် ပိုလို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဇင်ချောင်းလူငယ်ပရဟိတနဲ့ ဖြူစင်ရင်ခွင်ဖေါင်ဒေးရှင်းတို့ ပူးပေါင်းပြီး ရေတွင်းတွေ တူးပေးနေပေ‌မယ့် လုံလောက်မှု မရှိပါ။ ရပ်ရွာတွေမှာ သူတို့ရပ်ရွာအတွက်  နွေရာသီ တရာသီစာ ရေလုံလောက်အောင် စီမံထား‌ပေမယ့်  စစ်ရှောင်တွေ ရောက်ရှိနေတဲ့ ရပ်ရွာတွေမှာ မျှပြီး သုံးရတဲ့အတွက် မလုံလောက်နိုင်ပါ။ တချို့ရွာ‌တွေမှာ ရွာခံလူဦးရေထက် စစ်ရှောင်က အရေအတွက်များလို့ ရေတွေ မလုံလောက်နိုင်ပါ”  လို့ အဆိုပါ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရှောင်စခန်းတွေဟာ လူဦးရေ ထူထပ်ပြီး ရေ အခက်အခဲရှိတဲ့အပြင် အိမ်သာစနစ် အဆင်မပြေတဲ့အတွက် ဝမ်းပျက်ဝမ်းလျှော နဲ့ ယားနာ‌တွေလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒီလိုရောဂါကူးစက်မှုတွေ ဖြစ်နေပေမယ့်လည်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အား မလုံလောက်မှုအပြင် ဆေးဝါးဝယ်ယူဖို့ ခက်ခဲခြင်း နဲ့ ဈေးနှုန်းကြီးမားခြင်း စတဲ့ အခြေနေတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သူက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ရက္ခိုင်ပြည်ရှိ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း နဲ့ တောင်ကုတ်မြို့နယ်တွေကို စစ်ကော်မရှင်က  စစ်အုပ်ချုပ်ရေးအဖြစ် ထပ်မံ သတ်မှတ်ထားပါတယ်။

Related posts

ရက္ခိတအိမ်မက် ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်နိုင်တဲ့ AA လို့ ကူကီးကောင်စီပြော

Rakhita Times

စစ်တွေမြို့ပေါ်မှာ စကမတပ်သား မရှိသလောက် နည်းသွား

Rakhita Times

ARSA အဖွဲ့ဝင်တွေကို AA လိုက်လံချေမှုန်းနေ

Rakhita Times

Leave a Comment