အာရက္ခတိုင်းမ်စ် (၂၃ ဖေဖော်ဝါရီ ၂၀၂၆)
အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်မှာ သိမ်းပိုက်ဖို့ ကျန်ရှိတဲ့ မြို့ ၃ မြို့ကို သိမ်းနိုင်တဲ့ အနေအထား ရှိပေမယ့် မသိမ်းသေးတာဟာ တရုတ်ရဲ့ သဘောထားနဲ့လည်း ဆိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“AA ကတော့ သူတို့ပြည်နယ်ထဲက လက်ကျန် ၃ မြို့က ဆက်သိမ်းရမလား၊ မသိမ်းရဘူးလား အဲဒီဟာတော့ တရုတ်ရဲ့ သဘောထားနဲ့လည်း ဆိုင်တယ်။ တကယ်တမ်းက သိမ်းမယ်ဆို သူတို့ သိမ်းနိုင်တဲ့ အနေအထား ရှိတယ်။ မူဆယ်တို့ ဘာတို့ ချန်ထားသလိုမျိုး။ မူဆယ်တို့ ဘာတို့တုန်းက ချန်ထားတာက တရုတ်က မသိမ်းနဲ့ဆိုလို့ ချန်ထားတာလေ။ လားရှိုးတောင် သူတို့ သိမ်းနိုင်သေးတာပဲ။ အဲဒီတော့ ရက္ခိုင်ကလည်း အဲဒီ ၃ မြို့က သိမ်းမှာလား၊ မသိမ်းဘူးလား ဆိုတာက တရုတ်ရဲ့ သဘောထားနဲ့လည်း ဆိုင်တယ်။ ဒီအစိုးရသစ်ဖွဲ့ခြင်း၊ မဖွဲ့ခြင်းနဲ့ မဆိုင်ဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့ကလွဲပြီး ကျန်မြို့အားလုံးကို သိမ်းပိုက် အုပ်ချုပ်ထားနိုင်နေသလို စစ်ကော်မရှင်ကလည်း အဲဒီ ကျန် ၃ မြို့မှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး လွှတ်တော်အမတ်တွေ ရွေးချယ်ထားပါတယ်။
ရက္ခိုင်ဒေသကိုတော့ စစ်ကော်မရှင်ဟာ အချိန်အခါမရွေး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရက္ခိုင်က မြို့နယ်တွေမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ၂ ပတ်အတွင်းမှာ ဒေသခံပြည်သူ ၁၁ ယောက် သေဆုံးပြီး ၂၈ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တရုတ်ဟာ သူ့အကျိုးစီးပွားဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လမ်းကြောင်းကို အာမခံချက်ရှိပြီး ဩဇာလွှမ်းမိုးစေရေး၊ အနောက်အုပ်စုနဲ့ မရင်းနှီးစေရေးကို လိုလားတာကြောင့် စစ်ကော်မရှင်နဲ့ ကြံ့ဖွံ့ရဲ့ လက်ထဲမှာပဲ အာဏာကို ရစေချင်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“တရုတ်ရဲ့ သဘောထားက ဒီနေရာတွေကို သိမ်းပိုက်ထားတဲ့၊ ထိန်းချုပ်ထားတဲ့ အင်အားစုတွေက သူတို့ရဲ့ ဩဇာခံဖြစ်တယ်ဆိုရင် နောင်အနာဂတ်မှာ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လမ်းကြောင်းက အာမခံချက် ရှိတယ်ဆိုတဲ့ အမြင်နဲ့ သူက ဒီလမ်းကြောကို ဩဇာအာဏာ လွှမ်းမိုးအောင် လုပ်လာပါမယ်။ ဒါပေမယ့် ဒီလိုအနေအထားအရ ပြည်ခိုင်ဖြိုးပါတီ ဒါမှမဟုတ် တပ်မတော်ပေါ့။ တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ လက်ထဲမှာပဲ သူက ရှိစေချင်တယ်။ ဒါမှသာလျှင် သူက အနောက်အုပ်စု အထူးသဖြင့် အမေရိကန်နဲ့ မရင်းနှီးအောင်ပေါ့လေ။ မရင်းနှီးတဲ့ ဆက်ဆံရေးရှိနေမှာ ဖြစ်ပြီးတော့ သူနဲ့ပိုပြီးတော့ ပလဲနံ ပနံသင့် မှာပေါ့။ NLD တို့ ဘာတို့ တခြား ဒီမိုကရေစီ အင်အားစုတွေ အာဏာရလာရင်တော့ ဗဟိုက အာဏာလည်း သူ့အတွက်က မသေချာဘူးပေါ့။ အစိုးရ အပြောင်းအလဲကလည်း ရွေးကောက်ပွဲနဲ့ အပြောင်းအလဲ ဖြစ်နိုင်တာပေါ့။ ဒါကြောင့် သူက အပေါ်ပိုင်းမှာ အဲဒီလို တပ်ရဲ့ ဟိုဟာနဲ့ အာဏာရနေတဲ့ ဥစ္စာကို ပြုတ်မသွားစေဘူး။ အဲဒီအပေါ်မှာ သူက ဘာပြောမလဲ သူ့နိုင်ငံအကျိုးစီးပွားတွေနဲ့ ပေါင်းစပ်ပြီး ကူညီတာ၊ ဖိအားပေးတာ အဲဒါတွေ လုပ်တာပေါ့” လို့ သူက ပြောပါတယ်။
စစ်တပ်က ရက္ခိုင်မှာ လက်လွှတ်ဆုံးရှုံးသွားတဲ့ မြို့နယ်တွေမှာ စစ်ဘေးရှောင်စခန်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေကိုပါမကျန် လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။
ဒါကြောင့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုတွေလည်း ပိုများလာနေပြီး ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကို အမြဲသတိထားပြီး စစ်ရေးသတိရှိစွာ နေထိုင်ကြဖို့ AA ဘက်ကလည်း တိုက်တွန်း ပြောဆိုထားပါတယ်။
