NewsPolitic

ရွေးကောက်ပွဲအတွက် တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လက်လုပ်လာနိုင်

အာရက္ခတိုင်းမ်စ် (၁၄ မတ် ၂၀၂၅)

ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန် ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ အစောဆုံးကျင်းပသွားမယ် လို့ စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုလာတဲ့အတွက် ကြားကာလမှာ တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လက် လုပ်ဆောင်လာနိုင်လား ဆိုတဲ့အပေါ် သုံသပ်မှုတွေ ရှိနေပါတယ်။

တွေ့ဆုံဆွေးနွေးရေး ပြုလုပ်တဲ့အခါမှာတော့ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရင်ဆုံး ဦးစားပေးတွေ့နိုင်တယ်လို့ NCA ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အရင် ကျနော် ပြောခဲ့သလိုပဲ တိုင်းရင်းသားလက်နက်ကိုင် တိုက်ခိုက်နေတဲ့လူတွေနဲ့ ဦးစားပေး တွေ့မှာပဲ။ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲကို အားပေးနေတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို အားပေးနေတဲ့ ပါတီတွေလည်း တွေ့မှာပဲ။ နောက်ပြီး ရွေးကောက်ပွဲအပါအဝင် အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဖွဲ့ထားတဲ့ ကျနော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကလည်း ပါဝင်လာရမှာပဲ။ တစ်ထပ်တည်း ကျအောင် ရည်မှန်းချက် တစ်ခုတည်း ဖြစ်အောင် အဲဒီလိုပဲ ချဲ့ချဲ့ပြီး သွားရမယ် ထင်တယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင်မှာ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ကိုလည်း ကြားခံအဖွဲ့အစည်းတွေက သဘောတူကြသလို နိုင်ငံတကာကလည်း တိုက်တွန်းနေတာပါ။

ဒါပေမယ့်လည်း စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်လို့ ပြောဆိုထားတာ မရှိပေမယ့် တရုတ်အကူအညီကြောင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲက ၂ ဖွဲ့နဲ့ပဲ တွေ့ဆုံရသေးတာပါ။

အဲဒီလို ဆွေးနွေးတဲ့အခါမှာလည်း စစ်ကောင်စီဘက်က ၂၀၀၈ ကို ကိုင်ဆွဲပြီး အပေါ်စီးကနေ ဆွေးနွေးတာ ဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ထွက်ပေါ်နေတာပါ။

ရွေးကောက်ပွဲအတွက် တွေ့ဆုံဆွေးနွေးရေးက အရေးကြီးဆုံး ပထမအဆင့်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဲဒါတွေက ပုံမှန် သွားနေကြ လမ်းကြောင်းအတိုင်းပဲ သွားပါလိမ့်မယ်။ တကယ်တမ်းကတော့ နိုင်ငံကို ဘယ်လိုနဲ့ တည်ဆောက်မယ်ပဲပြောပြော နိုင်ငံရေးအရ တိတိပပ ညှိနှိုင်းဖို့နဲ့ တွေ့ဆုံရေးကို သေချာလုပ်နိုင်ဖို့ပဲ။ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲတာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေကကြ လွှတ်တော်နဲ့ ဖြစ်သွားမှာကို။ အဲဒီတော့ လွှတ်တော်ထဲ ဝင်ဖို့အတွက် အခွင့်အလမ်းဖြစ်တဲ့အတွက်ကြောင့် တကယ်တမ်းက တွေ့ဆုံဆွေးနွေးရေးနဲ့ ကိုယ့်အခွင့်အလမ်းကို သေသေချာချာ တရားဝင်နည်းလမ်းကနေ လိုချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲအတွက်ကတော့ တွေ့ဆုံဆွေးနွေးရေးက အရေးကြီးဆုံး ပထမအဆင့် ဖြစ်မှာပေါ့။ ဒါပေမယ့် တစ်ခုတော့ ရှိပါတယ် တစ်ဖက်က ဆွေးနွေးတဲ့လူတွေအနေနဲ့လည်း ဘာမျှော်လင့်ထားလဲ အဒီ အပိုင်းတော့ ရှိတာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စစ်ကောင်စီဘက်မှ မြို့နယ်ပေါင်း ၉၀ ကျော်၊ စစ်ဌာနချုပ်အချို့နဲ့ စစ်စခန်းပေါင်း ရာချီတို့ကို လက်လွှတ်ထားရတဲ့အနေအထားပဲ ဖြစ်ပါတယ်။

Related posts

နတ်ရေကန်ကို စကမ စစ်ကူပို့ရန်ကြိုးစား၊ AA ကြားဖြတ်ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

ကျောက်ဖြူစစ်ရှောင်တွေအတွက် အနွေးထည်များအပြင် အိမ်သာ လိုအပ်ချက်ရှိနေ

Rakhita Times

မင်းပြားတွင် ၂၂ ရွာကျော် ရေကြီးနေ

Rakhita Times

2,421 comments

Leave a Comment