အာရက္ခတိုင်းမ်စ် (၂၄ ဖေဖော်ဝါရီ ၂၀၂၆)
ပလက်ဝမြို့နယ်၊ တွီကင်းဝရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည်က မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၀ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည် ၃ နာရီခန့်တွင် ပလက်ဝမြို့နယ်၊ တွီကင်းဝရွာနေ ဦးကျော်သာဦးက အိမ်တွင် ရေနွေးကြိုရာကနေ ဘေးက ဝါးထံရံကို မီးလောင်ရာကနေ ကူးစက်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ နေ့ခင်း နေ့လည်ဖြစ်တော့ လေကလည်း မငြိမ်ဘူးလေ။ ရွာကသူတွေ ကူညီပြီး ငြိမ်းသတ်ကြတာပဲ၊ ဒါပေမယ့် မီးအရှိန်ကို လျော့အောင်ပဲ လုပ်နိုင်တာ။ မီးသတ်ကားလာမှပဲ အကုန် ငြိမ်းသွားတာ” လို့ ပလက်ဝမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ မီးလောင်မှုကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ မီးသတ်ဌာနနဲ့ ရွာသူ ရွာသားများ ဝိုင်းဝန်းကူညီ ငြိမ်းသတ်မှုကြောင့် ညနေ ၅ နာရီခန့်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစလောင်ခဲ့တဲ့ အိမ်ရှင်ဖြစ်သူ ဦးကျော်သာဦးကို တရားဥပဒေစိုးမိုးရီးနဲ့ ပြည်သူ့လုံခြုံရီးဌာန (DLEPS) က ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
