အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆)
အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ V Power ဓာတ်အားပေးစက်ရုံ ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။
“ တိုက်ပွဲက ရဲတပ်ရင်း ၃၂ နားအထိကို ကပ်လာနေတော့ စက်ရုံကို ထိမှာကြောက်လို့ထင်တာပဲ။ ပစ္စည်းတွေ ပြောင်းရွှေ့နေကြတယ်။ တချို့ အဆောက်အဦတွေလည်း ဖျက်နေတယ် ပြောကြတယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဟာ V Power ဓာတ်အားပေးစက်ရုံ တည်ရှိတဲ့ ဂုံးချွိန်ရွာနဲ့ ၂ မိုင်ခွဲခန့် အကွာမှာရှိတဲ့ အမှတ်(၃၂) ရဲတပ်ရင်းအနီးတွင် ဖြစ်ပွားနေလို့ လုံခြုံရေးအရ ပြောင်းရွှေ့သွားတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေလို့ ပြောင်းရွှေ့နေတာ ဖြစ်ပေမယ့် စစ်ကော်မရှင်ဖက်ကတော့ အရှုံးပေါ်တဲ့အပြင် စာချုပ်လည်း နှစ်ပြည့်တာကြောင့် ကျောက်ဖြူက V Power ဓာတ်အားပေးစက်ရုံကို သင်္ကြန်မတိုင်မီ အပြီးတိုင်ပြောင်းရွေ့မယ်လို့ ဆိုထားပါတယ်။
V Power ဓာတ်အားပေးစက်ရုံကို ဟောင်ကောင်အခြေစိုက် V Power အုပ်စု နဲ့ တရုတ်အမျိုးသား နည်းပညာ သွင်းကုန်/ထုတ်ကုန် ကော်ပိုရေးရှင်း (CNTIC) တို့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ သန်း ၁၄ဝ အကုန်အကျခံကာ လျှပ်စစ်ဓာတ်အား ၁၅၀ မီဂါဝပ်ထုတ်လုပ်ရန် ရည်ရွယ်တည်ဆောက်ခဲ့တာလို့လည်း သိရပါတယ်။
လက်ရှိမှာ V Power ဓာတ်အားပေးစက်ရုံကို ပိတ်သိမ်းရန် ပြင်ဆင်နေပေမယ့် ကျောက်ဖြူမြို့နယ်ရှိ တရုတ်အစိုးရပိုင် Power China ကုမ္ပဏီရဲ့ ဓာတ်အားပေးစက်ရုံကိုတော့ စီမံကိန်း ရပ်ဆိုင်းမှုမရှိဘဲ ဆက်လက်တည်ဆောက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ဟာ ကျောက်ဖြူရေတပ်ဌာနချုပ်နဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ ဦးကင်း၊ စေမော်၊ ဓညဝတီရေတပ်အနီးရှိ ဇိုင်ချောင်း၊ သိုင်းချောင်းနဲ့ ရဲတပ်ရင်းအနီး ပြိုင်းစေ့ကေ စတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့လည်း သိရပါတယ်။
