BusinessNewsPolitic

မင်းတုန်း ရက္ခိုင် ကုန်ပို့တဲ့လမ်းပေါ် စကမ ဗုံးကြဲ၊ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံး(Breaking News)

အာရက္ခတိုင်းမ်စ် (၁ မတ် ၂၀၂၆)

မကွေးတိုင်းကနေ ရက္ခိုင်ပြည်ကို ကုန်းပစ္စည်းတွေပို့တဲ့ လမ်းပေါ်ကို စစ်ကော်မရှင်က ဒီကနေ့ မတ်လ ၁ ရက် မနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က လေယာဉ်နဲ့ ဗုံးကြဲချခဲ့လို့ ရက္ခိုင်ကုန်သည် ၂၀ ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မင်းတုန်း ရက္ခိုင် ကုန်ချနေတဲ့လမ်းကို ဗုံးချခံလိုက်ရပါတယ်။ ရက္ခိုင် ၂၀ ကျော် ပါသွားပါတယ်။ ကားလည်း ၂၀ ဝန်းကျင်ပါ” လို့ မင်းတုန်းမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ဗုံးကြဲချခဲ့တဲ့နေရာဟာ မကွေးတိုင်းနဲ့ ရက္ခိုင်ပြည်ကြားက ကုန်သည်တွေစုရပ်လုပ်နေတဲ့ နေရာတခုဖြစ်တယ်လို့ သိရပါတယ်။

“ရက္ခိုင်က ကြက်စာ၊ ဘဲစာ၊ ရွှေပုဇွန် လာတဲ့ကားနဲ့ မင်းတုန်းဖက်က ရက္ခိုင်ကို အပြန် ကုန်ချတဲ့နေရာကို တည့်တည့်ကျတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်လက်ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် လာရောက်ကြဲချခဲ့တာဖြစ်ပြီး ပထမ အကြိမ်မှာ ထိခိုက်ဒဏ်ရာ ရရှိမှုနည်းပါးခဲ့ပေမယ့် ဒုတိယအကြိမ်မှာတော့ လေယာဉ်သံကြောင့် သစ်ပင်အောက်တွင် ဝပ်နေတဲ့ နေရာကို ကျလို့ အသေအပျောက် များပြားခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိသူ ၈ ဦး ရှိခဲ့ပြီး အသေးစားဒဏ်ရာ ရရှိသူ များပြားတယ်လို့လည်း သိရပါတယ်။

Related posts

ဝမ်းရောဂါကြောင့် ကန့်သတ်ထားတဲ့အတွက် ဟင်းသီးဟင်းရွက် ရှားပါးနေ

Rakhita Times

ရန်ကုန် စက်သုံးဆီဈေး တလီတာကို ၇၀၀၀ ကျပ် ဖြစ်လာ

Rakhita Times

အစိုးရသစ်က တစုံတစ်ရာ အသက်ရှူချောင်နိုင်ပေမယ့် ထင်သလောက် မလွယ်ကူ

Rakhita Times

1,880 comments

Leave a Comment