NewsPolitic

နတ်ရေကန်ကို စကမ စစ်ကူပို့ရန်ကြိုးစား၊ AA ကြားဖြတ်ဝင်တိုက်လို့ တိုက်ပွဲပြင်းထန်နေ

အာရက္ခတိုင်းမ်စ် (၂ မတ် ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာကုန်းကို စစ်ကော်မရှင်က စစ်ကူပို့ရန် ကြိုးစားနေပြီး အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်လို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“ စကမက လမ်းသစ်ကကော လမ်းဟောင်းကပါ ပစ (ပြည်သူ့စစ်) တွေနဲ့ ရိက္ခာတွေ ပို့ဖို့ကြိုးစားနေတာ။ အဲဒါကို AA က ဖြတ်တိုက်တော့ လမ်းသစ်မှာရော၊ လမ်းဟောင်းမှာပါ တိုက်ပွဲတွေ ပြင်းထန်နေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က နတ်ရေကန်ဗျူဟာကုန်းကို ဖေဖော်ဝါရီလ ၂၄ ရက်ကစတင်ကာ တပ်သားများ အပြည့်တင်ဆောင်ထားတဲ့ စစ်ယာဉ် ၂ စီးစီနဲ့ စစ်ကြောင်းထိုးလာတာလည်း ဖြစ်ပါတယ်။

“ ၂၈ ရက်က တိုက်ပွဲတွေ စဖြစ်တာ၊ ဇင်ပြွန်းကနေ လမ်းဟောင်းကိုလာတဲ့ စစ်ကြောင်းကို အရင် တိုက်ခံရတယ်။ ပြီးတော့ ဆက်တိုက်ဆိုသလို လမ်းသစ်ကလာတဲ့ စစ်ကြောင်းလည်း အတိုက်ခံရတယ်။ ပစ (ပြည်သူ့စစ်) တွေ တချို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

စစ်ကော်မရှင်ဟာ ‎ဆုံကုန်းအမြောက်တပ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်က စစ်ကူနဲ့ ရိက္ခာတွေကို စုစည်းပြီး ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဇင်ပြွန်းကတဆင့် လမ်းဟောင်းအတိုင်း စစ်ယာဉ် ၂ စီး၊ လမ်းသစ်အတိုင်း စစ်ယာဉ် ၂ စီးနဲ့ စေလွှတ်လိုက်တာလို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

အဆိုပါ ‎တိုက်ပွဲဖြစ်ပွားနေရာကို စစ်ကော်မရှင်ရဲ့ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) ကနေပြီး လက်နက်ကြီးနဲ့ ကူပစ်ပေးနေတယ်လို့လည်း သိရပါတယ်။

‎စစ်‌ကော်မရှင်အနေနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၇ လက်အောက်ခံတပ်များအပြင် တပ်မ (၉၉)၊ တပ်မ (၈၈) လက်အောက်ခံတပ်များနဲ့ ထပ်မံထိုးစစ်ဆင်ရန် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Related posts

စကမ ဖမ်းဆီးထားတဲ့ ရက္ခိုင်လူငယ်တွေကို AA နဲ့ တိုက်ခိုက်ရန် ရှေ့တန်းပို့ဆောင်နေ

Rakhita Times

ကျောက်တော်ကို စစ်ကောင်စီက အကြိုနေ့တွင်ဗုံးကြဲ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

Rakhita Times

စစ်ကျန်လက်နက် ဆော့ကစားလို့ ကလေး ၂ဦး၊ လူကြီး ၁ဦး သေဆုံး

Rakhita Times

Leave a Comment