အာရက္ခတိုင်းမ်စ် (၅ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့နယ်တွင် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာရက္ခတပ်တော်ကြောင့် စစ်ကော်မရှင်တပ်သားများ ထိခိုက်သေဆုံးမှု များပြားနေလို့ စစ်ကော်မရှင်ရဲ့ တိုင်းမှူးကိုယ်တိုင် တပ်မတော်ဆေးရုံတွင် ဆေးကုသနေတဲ့ တပ်သားတွေကို အားပေးစကားတွေ သွားပြောနေရတယ်လို့ သိရပါတယ်။
“ သူတို့ဖက်က ဘယ်လောက်အထိနာနေလဲဆိုတာ သူတို့ သတင်းစာမှာတောင် တဖက်လှည့်နဲ့ ဖော်ပြနေတာ။ ၄ ရက်နေ့ သတင်းစာမှာ ဘယ်လိုရေးထားလဲဆိုတော့ စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံများတွင် ဆေးကုသမှုခံယူနေရတဲ့ စစ်သည်များနဲ့ မိသားစုဝင်များကို တိုင်းမှူးဖြစ်သူက သွားရောက်ပြီး အားပေးစကားပြောခဲ့ဆိုပြီး ဖော်ပြတယ်။ တကယ်က စစ်သားတွေက စိတ်ဓာတ်ပျက်ပြားပြီး တပ်ပျက်နေပြီ။ အဲဒါကြောင့် သွားပြီး လူရောင်ပြတာ” လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်တွေမြို့တွင် ဆေးကုသမှုခံယူနေတဲ့ စစ်ကော်မရှင်ရဲ့ အရာရှိ စစ်သည်တွေကို ရက္ခိုင်ပြည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချူပ် ကျော်စွာဦးကိုယ်တိုင် သွားရောက်ခဲ့ပြီး သူကိုယ်တိုင် တိုက်ပွဲကို ဦးစီးနေကြောင့် စိတ်ဓာတ်မကျဖို့ အောင်ပွဲတွေရတော့မယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် မတ်လ ကတည်းက ရက္ခိုင်ပြည် စစ်တွေမြို့နယ်တွင် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ဘက်က အရာရှိအချို့အပါအဝင် ထိခိုက်သေဆုံးသူများပြားခဲ့ပြီး ယခုအခါမှာတော့ စစ်ကော်မရှင်ဖက်က တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေရတဲ့ ဒဏ်ရာရစစ်သည်တွေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းစာကနေ တရားဝင် ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
လက်ရှိတွင် ရက္ခိုင်ပြည်အတွင်း စစ်ရေးရှုံးနိမ့်လာတဲ့ စစ်ကော်မရှင်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေကို စစ်တွေမြို့ရှိ ဆက်သွယ်ရေးတပ်ရင်း ဆသရ-၈၁၈ အတွင်း အလုံးအရင်းနဲ့ ပြန်လည်စုဖွဲ့ထားပြီး အခိုင်အမာ ခံစစ်ပြင်ဆင်မှုများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဆိုပါ တပ်ပေါင်းစုတွင် ကျောက်တော်အခြေစိုက် စကခ-၉၊ တောင်ကုတ်အခြေစိုက် စကခ-၅၊ ဘူးသီးတောင်အခြေစိုက် စကခ-၁၅ နဲ့ အခြေချစစ်ဗျူဟာ (စဗခ) ဘူးသီးတောင်တပ်များ ပါဝင်တယ်လို့လည်း သိရပါတယ်။
