EnvironmentNewsPolitic

ကျောက်တော်က ရေဘေးသင့် ဒေသခံတွေ သောက်သုံးရေလိုအပ်

အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ရေဘေးသင့်မြို့နယ်တွေက ဒေသခံတွေအတွက် သောက်သုံးရေ လိုအပ်ချက် ရှိနေတယ်လို့ ဖြူစင်မေတ္တာပရဟိတအသင်းက အာရက္ခတိုင်းမ်စ်ကိုဆိုပါတယ်။

ရေကြီးမှုကြောင့် ကျောက်တော်မြို့နယ်မှာ ရေဘေးသင့် ဒေသခံဦးရေဟာ ခန့်မှန်း ၁၀၀၀ ကျော် ရှိနေပြီး သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

“မိုးကတော့ အခုက မရွာတော့ပါဘူး။ နည်းနည်းပါးပါးပါ။ ရေကတော့ ပြန်ကျသွားပြီ။ ရေတွေ ပြန်ကျသွားလည်း တချို့ရွာတွေမှာက သောက်သုံးရေကန်တွေ အကုန်လုံးနီးပါး ရေမြုပ်သွားတယ်။ ဒါကြောင့် သောက်ရေ အခက်ခဲ ရှိမယ် ထင်ပါတယ်” လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုနိုင်ဝင်းလွင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း နဲ့ ပလက်ဝ အစရှိတဲ့ မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ရေကြီးမှုကြောင့် ရက္ခိုင်ပြည်အတွင်း လူသေဆုံးမှုတွေလည်း ရှိခဲ့သလို နေအိမ်၊ လမ်း၊ တံတားများ ထိခိုက် ပျက်စီးခြင်း၊ မြေပြို၊ ကမ်းပြိုခြင်း စတာတွေ ဖြစ်ပွားလျက် ရှိနေပါတယ်။

Related posts

သေနတ်သံများနဲ့ဆောက်ထားတဲ့ တိုင်းပြည်

Rakhita Times

AA က မြစ်ဝကျွန်းပေါ်မှာ နယ်မြေစိုးမိုးမှုလုပ်ပြီး နေပြည်တော်ကို ချီတက်မယ်

Rakhita Times

တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့လို့ ကျေးဇူးတင်တယ်လို့ TNLA ဆို

Rakhita Times

Leave a Comment