အာရက္ခတိုင်းမ်စ် (၁၆ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့နယ်မှာ စားအုန်းဆီဈေးတွေဟာ အရင်ဈေးထက် တစ်သောင်းကျော်အထိ ဈေးနှုန်း ခုန်တက်သွားတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“စားသုံးဆီက တစ်လီတာကို နှစ်သောင်းနှစ်ထောင်ပါလေ။ good choice က တစ်လီတာကို နှစ်သောင်းခွဲ။ အရင်တစ်ခေါက်က တစ်သောင်းနှစ်ထောင်ပဲ ရှိပါတယ်။ တစ်သောင်းတောင် တက်သွားတာ။ စားအုန်းဆီဆိုရင် တစ်သောင်းလောက် တက်သွားပြီးရင် good choice တို့ဆိုရင် တစ်သောင်း တစ်ထောင်လောက် တက်သွားတယ်” လို့ သူက ပြောပါတယ်။
စားအုန်းဆီဈေးတွေ အဆမတန် မြင့်တက်လာမှုကြောင့် အခြေခံမိသားစုတွေအနေနဲ့ စားအုန်းဆီဝယ်ယူမှုမှာ အခက်ကြုံနေကြရပြီး နေ့စဉ် ချက်ပြုတ်ရာမှာ ဆီအသုံးပြုမှုနဲ့ စားသောက်မှုပုံစံတွေမှာ လျှော့ချနေကြရတာဟာ တစ်နိုင်ငံလုံး အတိုင်းအတာ နီးပါးပါ။
ရန်ကုန်လို နေရာမျိုးမှာတော့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) က သန်းခေါင်စာရင်းရှိတဲ့ အိမ်ထောင်စု တစ်စုကို တစ်ပတ်မှာ တစ်ပိဿကို ၈,၀၀၀ ကျပ်ဈေးနဲ့ စားအုန်းဆီ ၅၀ ကျပ်သားစီ ရောင်းချပေးနေပေမဲ့ ဆီဆိုင်ကြီးတွေကတော့ တစ်ပိဿာကို ၁၆,၀၀၀ ကျပ်နဲ့ ပြန်လည် ရောင်းချပေးနေတယ်လို့ သိရပါတယ်။
စစ်တွေမြို့မှာ အခုလို ဈေးတက်လာတာဟာ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ချန်ထားတာတွေကြောင့် ဖြစ်နိုင်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အဲဒါ ကျမတို့ တိုးတက်လာတာကတော့ သင်္ဘောလာရင် ဈေးကျသွားလိမ့်မယ်လို့ ထင်တာပေါ့။ ဒါပေမယ့်လည်း ဈေးက မကျဘူး။ နောက် မြေပြင်မှာ ဘာဖြစ်လာမလဲ။ တိုက်ပွဲဖြစ်လာရင် သင်္ဘောတွေ မလာတော့ဘူးဆိုရင် ထုတ်ရောင်းဖို့လား ဈေးတင်ပြီး။ အဲဒီလိုပုံစံနဲ့ သူဋ္ဌေးတွေကတော့ ပိုက်ဆံရင်းနိုင်တာကို။ တင်ထားမှာပေါ့။ အဲဒါကြောင့်မို့ ဈေးကြီးတယ် ထင်ပါတယ်” လို့ သူက ပြောပါတယ်။
ရန်ကုန်လိုနေရာမှာတော့ အောက်တိုဘာလ ၁၅ ရက်ရဲ့ စားအုန်းဆီ ပြင်ပ လက်ကားဈေးမှာ တစ်ပိဿာကို ၁၅,၀၀၀ ကျပ်ကနေ စပြီး ၂၂,၀၀၀ ထိ ဆီအသန့် ဆီအရော စသဖြင့် အစားစားရှိကြောင်း ဆီဆိုင်ကြီးတွေက ကြေညာနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကတော့ စားအုန်းဆီ တစ်ပိဿာကို ကျပ်သုံးသောင်းဝန်းကျင်ထိ ဈေးတွေ မြင့်တက်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ စားအုန်းဆီတင်သွင်းမှုကို ၃၀ ရာခိုင်နှုန်းကျော် လျှော့ချ ကန့်သတ်ထားတာကြောင့် ဈေးကွက်အတွင်း ဆီခွဲတမ်း လျော့နည်းလာပြီး ဝယ်ယူရရှိမှု ခက်ခဲလာတာ ဖြစ်ပါတယ်။
