အာရက္ခတိုင်းမ်စ် (၅ နိုဝင်ဘာ ၂၀၂၆)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အောက်တိုဘာလ နောက်ဆုံးပတ်က ၂ ရက်တာ ကျင်းပခဲ့တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေး မူဘောင်ဆိုင်ရာ Stakeholder အစည်းအဝေးကို ဖိတ်ကြားခဲ့ပေမယ့် အာရက္ခအမျိုးသားအဖွဲ့ချုပ် (ULA/AA) က တက်ရောက်ခြင်းမရှိခဲ့ဘူးလို့ သိရတယ်။
အစည်းအဝေးကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်တွေ၊ KNU၊ KNPP၊ CNF၊ CRPH၊ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ တော်လှန်ရေးအင်အားစုတွေက ကိုယ်စားလှယ် ၂၅ ဦးအပြင် နိုင်ငံတကာသံတမန်တွေ တက်ရောက်ခဲ့တယ်လို့ သိရတယ်။
အမေရိကန်၊ ဂျာမနီ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ အာဆီယံအပါအဝင် နိုင်ငံ ၁၄ နိုင်ငံက သံတမန်တွေနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ တက်ရောက် (သို့မဟုတ်) အွန်လိုင်းက ပါဝင်ပြီး SCEF က တင်ပြတဲ့ အဆင့် ၅ ဆင့်ပါ နိုင်ငံရေးအသွင်ကူးပြောင်းရေးမူဘောင်ပေါ် သဘောထားတွေ ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲမှုနဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ စစ်မှုထမ်းဥပဒေ ရပ်ဆိုင်းဖို့နဲ့ စစ်တပ် နိုင်ငံရေးကနေ ထွက်ခွာဖို့ စတဲ့ ကြိုတင်သတ်မှတ်ချက်တွေကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်နဲ့ အင်ဒိုနီးရှားအပါအဝင် နိုင်ငံတကာသံတမန်တွေက တော်လှန်ရေးအင်အားစုတွေရဲ့ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် မူဘောင်တွေကို ဦးစားပေး ထောက်ခံသွားမယ်လို့လည်း သိရပါတယ်။
