အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၆)
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဆီ ကုန်ပစ္စည်းတွေ ရောင်းချပေးနေတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင် ၂ ဦးကို နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၉ ရက် ညနေ ၆ နာရီခန့်မှာ ရေကြည်မြို့နယ်အတွင်းက ကျေးရွာနှစ်ရွာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးတို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဆီ ဆီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချပေးတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားတာလို့ သိရပါတယ်။
လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူ နှစ်ဦးကို စစ်ကောင်စီတပ်က ဘယ်နေရာကို ခေါ်ဆောင်သွားသလဲ အတိအကျ မသိရသေးလို့ မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ရေကြည်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဖမ်းဆီးခံရသူနှစ်ဦးဟာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဆီ ကုန်ပစ္စည်း ရောင်းချတာ မရှိဘဲ ဒေသတွင်းက ပြည်သူတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုပဲ အဓိက ရောင်းချပေးနေသူတွေလို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာလ ၂၄ ရက်ကလည်း ဧရာဝတီတိုင်း၊ ရက္ခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံအရပ်သား ၃ ဦးကို အာရက္ခတပ်တော် (AA) ကို စက်သုံးဆီ တရားမဝင် သိုလှောင်ရောင်းချပေးနေတယ်လို့ စွပ်စွဲကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။
