BusinessNewsPolitic

စစ်တွေလေယာဉ်လက်မှတ် ၁၀ သိန်းအထိ ရောက်နိုင်

အာရက္ခတိုင်းမ်စ် (၂၅ မတ် ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေကနေ ရန်ကုန်ကိုသွားတဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းဟာ တစောင်ကို ၁၀ သိန်းကျပ်အထိ ရောက်နိုင်တယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်တွေ – ရန်ကုန်၊ ရန်ကုန် – စစ်တွေအပြင် ပြည်တွင်းလေကြောင်း ပျံသန်းပြေးဆွဲမှုဟာ လေယာဉ်ဆီအခက်အခဲကြောင့် ရပ်နားထားရတာ ဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့် ဧပြီလ ၄ ရက်မှာ စစ်တွေ – ရန်ကုန် လေယာဉ် ပျံသန်းပြေးဆွဲမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းက ၁၀ သိန်းအထိ ရောက်ရှိမှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လေယာဉ်လက်မှတ်ဈေးနှုန်းဟာ လက်ရှိ လေယာဉ်ပျံသန်းပြေးဆွဲမှု မရပ်နားခင်အထိ ငွေကျပ် ၅ သိန်းကနေ ၆ သိန်းအထိသာ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကနေစပြီး လေယာဉ်ဆီအခက်အခဲကြောင့် စစ်တွေအပါအဝင် ပြည်တွင်းလေကြောင်း ပျံသန်းပြေးဆွဲမှုတွေကို ရပ်နားထားတာ ဖြစ်ပါတယ်။

“ အခု သူတို့ပါတီက လူတွေပဲ သွားမယ်ဆိုရင် လေယာဉ်တစီးစာလောက် ဖြစ်သွားမယ်။ ပါတီက သွားမယ်။ ပြီးလို့ရှိရင် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်မိသားစုတွေ၊ ဝန်ကြီးချုပ်နဲ့ ပတ်သက်တဲ့အဖွဲ့တွေ ပါမယ်။ ဒေါ်စောမြရာဇာလင်းလည်း ရှိသေးတယ်ဆိုတော့ သူတို့အုပ်စုနဲ့ဆိုတော့ လေယာဉ်တစီးစာ ဖြစ်သွားပြီ။ ၄ ရက်နေ့မှ ထွက်မယ်လို့ ပြောတယ်။ လက်မှတ်တွေ ဝယ်ထားလို့လည်း မရဘူး။ သဘောက ၄ ရက်နေ့ထွက်မယ့်ဟာမှာ အစိုးရပိုင်းဆိုင်ရာအုပ်စုတွေ တဝက်လောက် ပါသွားမှာပဲလေ။ ပြီးလို့ရှိရင် ဝန်ထမ်းတွေ သင်္ကြန်အတွက် ပြန်မယ့်ဝန်ထမ်းတွေ ရှိတယ်လေ။ ပြီးလို့ရှိရင် အစိုးရပိုင်းမှာ တရားရုံးတို့၊ တရားဥပဒေတို့ အပြောင်းအရွှေ့တွေလည်း ရှိတယ်လေ။ အဲဒီနေ့ တရက်တည်း ပြောင်းကြမှာဆိုတော့ လေယာဉ်ထွက်တဲ့နေ့မှာ သူတို့အုပ်စုနဲ့တင်ပဲ လေယာဉ်က တစီးဖြစ်သွားပြီပေါ့ အဲဒီလိုမျိုး ဖြစ်သွားနိုင်တယ်လေ” လို့ စစ်တွေဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါပေမယ့် လေကြောင်းလိုင်းတွေကတော့ ဘယ်နေ့မှာ တရားဝင် ပျံသန်းပြေးဆွဲမယ်ဆိုတာနဲ့ လက်မှတ်ဈေးနှုန်းတွေကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

လက်ရှိမှာ လေယာဉ်ဆီနဲ့ပတ်သက်ပြီး လေကြောင်းလိုင်းတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ ညှိနှိုင်းဆွေးနွေးလျက် ရှိနေတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ လေယာဉ်ဆီအပါအဝင် စက်သုံးဆီအခက်အခဲ ဖြစ်ပေါ်နေပေမယ့် စစ်ကော်မရှင်ကတော့ လေယာဉ်အသုံးပြုပြီး အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို နေ့စဉ်နဲ့အမျှ လေကြောင်းကနေ ဗုံးကြဲချနေတာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ နေ့စဉ် သေဆုံးမှု ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

Related posts

ရက္ခိုင်မှာ အိမ်/ခြံခွန် စတင်ကောက်ခံ၊ ဒေသခံတွေ အခက်တွေ့နေ

Rakhita Times

မြောက်ဦးမှာ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

Rakhita Times

မန်လီရွာကို စစ်ကောင်စီ ဗုံးကြဲ၊ သာသနိက အဆောက်အအုံများ ပျက်စီး

Rakhita Times

Leave a Comment