EnvironmentHealthNewsPolitic

ကျောက်ဖြူစစ်ရှောင်တွေ ရေအခက်အခဲ ကြုံနေရ

အာရက္ခတိုင်းမ်စ် (၂၇ မတ် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တွေအနေနဲ့ နွေရာသီ ရောက်လာတာနဲ့အမျှ ရေအခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ Arakan Responders for Emergency ရဲ့ ပြန်ကြားရေးတာဝန်ခံက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

စစ်ဘေးရှောင်တွေအတွက် သူတို့အဖွဲ့အပြင် ဇင်ချောင်းလူငယ်ပရဟိတအဖွဲ့ကလည်း သောက်သုံးရေအတွက် ရေတွင်းများ တူးဖော်ပေးနေသော်လည်း ရေရှားပါးမှုနဲ့ ကြုံတွေ့နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“ပြောင်းပေးလိုက်တဲ့ စစ်ရှောင်စခန်းအသစ်မှာဆို သောက်ရေသုံးရေတွေ လိုအပ်တာရှိတယ်။ ဇင်‌ချောင်းလူငယ်ပရဟိတအဖွဲ့ကနေပြီး သောက်သုံးရေအတွက် လိုအပ်တဲ့ ရေတွေ တူးပေးတာ ရှိတယ်။ ရေကန်တွေပေါ့နော်။ ရေကန်အကြီးကြီးတွေ တူးပေးတာရှိတယ်။ ကျနော်တို့ကတော့ သောက်ရေရဖို့အတွက် သောက်ရေ ကျောက်စည်ပိုင်းတွေ၊ သောက်ရေကန်မှာ ထည့်ဖိုအတွက် အဲ့လို ကျောက်စည်တွေ တူးပေးတာ ရှိတယ်။ ကျောက်ဖြူမှာဆိုလို့ရှိရင် ရေက တော်တော်လေး ရှားတယ် ပြောလို့ ရတယ်ပေါ့နော်။ ရေရရှိရေးအတွက် ဇင်ချောင်းလူငယ်ပရဟိတအဖွဲ့က တော်တော်လေး ကြိုးကြိုးစားစား လုပ်နေတာ ရှိပါတယ်။ သူတို့ အခုချိန်ထိ ကျောက်ဖြူမြို့မှာ သုံးရေကန်တွင်းတွေ တော်တော်များများ တူးထားပါတယ်။ ဒါမယ့် နွေရာသီမှာ ရေက နွေရောက်လာလေ ရှားလာလေမို့ ရေအခက်အခဲတော့ ရှိပါတယ်။ အခု လက်ရှိ ကျောက်ဖြူမှာ လိုအပ်ချက်ဆို ရေ အရေးတကြီး လိုအပ်တာ ရှိမယ်။ ရေတူးနေရတာ ရှိတယ်” လို့ သူကအာရက္ခတိုင်းမ်စ်ကိုပြောပါတယ်။

ကျောက်ဖြူမြို့အနီး စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ဦးဟာလည်း ပိုများပြားလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာလည်း ကျောက်ဖြူမြို့နယ် စနဲမြို့ အလယ်ပိုင်းရပ်ကွက်ကို စစ်ကော်မရှင်က အသေခံဒရုန်း ၄ စီးနဲ့ ဗုံး ၄ လုံး ကြဲချခဲ့တာကြောင့် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၆ လုံး မီးလောင် ပျက်စီးခဲ့ပါသေးတယ်။

ဓာတ်ပုံ- ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရေရှားပါးမှုဖြစ်နေတဲ့ပုံရိပ်များ (Ponnagyun Youths Association – PYA)

Related posts

ရက္ခိုင်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြန်စလာနိုင်

Rakhita Times

ကချင်အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်

Rakhita Times

AA နဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဘာကြောင့် မသင့်မြတ်မှုတွေ ဖြစ်နေတာလဲ

Rakhita Times

2,836 comments

Leave a Comment