အာရက္ခတိုင်းမ်စ် (၇ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့ အနီးပတ်ဝန်းကျင်မှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့အကြား တိုက်ပွဲတွေ ရံဖန်ရံခါ ဖြစ်ပွားတတ်ပြီး စစ်ကော်မရှင်ဘက်က တအားခုခံနေတာကြောင့် AA အနေနဲ့ စစ်တွေကို သိမ်းနိုင်ဖို့ မလွယ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ရက္ခိုင်ကတော့ အဲဒါပဲလေ။ AA က သူ့အလုပ်နဲ့သူ အရမ်းများနေတယ်။ ကျောက်ဖြူနဲ့ စစ်တွေကို တိုက်နေတာ။ စစ်တွေကလည်း ဟိုဘက်က တအားခုခံနေတော့ သိမ်းနိုင်ဖို့ မလွယ်ဘူး။ KIA ကလည်း ဒီလိုပဲ ဗန်းမော်သိမ်းနိုင်ဖို့ မလွယ်ဘူး။ အဲဒီအချိန်မှာ ဒီဘက်ကလည်း နိုင်ငံတကာရဲ့အကူအညီနဲ့ ခေတ်မီ စစ်လက်နက်ကရိယာတွေ ထပ်ဖြည့်တာတွေ ရှိတယ်။ အဲဒီတော့ အခုအချိန်ကတော့ အဆုံးအဖြတ် တိုက်ပွဲတွေကို တိုက်နေတဲ့အချိန်မှာ ပြောရတာ တော်တော် ခက်တယ်ပေါ့နော်။ အဲဒါတွေကတော့ မဟာဗျူဟာကိစ္စတွေပါ။ ဆရာတို့လည်း မသိပါဘူးနော်” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော်က ထိပ်သီးပိုင်းခေါင်းဆောင်တချို့နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ လပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသေးတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် အာရက္ခ တပ်တော် AA က စစ်တွေမြို့ကို ပိုမို ထိုးစစ်ဆင် တိုက်ခိုက်လာနေခဲ့တာပါ။
တရုတ်နဲ့တွေ့ဆုံတဲ့အခါမှာ ဘယ်လိုအပေးအယူမျိုး၊ ဘယ်လိုဆွေးနွေးမှုမျိုးတွေ လုပ်ဆောင်ခဲ့ကြလဲ ဆိုတာကိုတော့ မသိရပါဘူး။
ဒါဟာ နယ်မြေအများအပြားကို ရရှိထားပါက အစိုးရသစ်တက်လာချိန် ငြိမ်းချမ်းရေး စကားပြောတဲ့အခါ အပေးအယူကြီးကြီးမားမား ရနိုင်တဲ့အတွက် ရက္ခိုင်ပြည်က ကျန် ၃ မြို့ကို AA က သိမ်းပိုက်နိုင်ရေး လုပ်ဆောင်လာမှာဖြစ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
တဖက်မှာလည်း တရုတ်က စစ်ကော်မရှင်ကို ကျောထောက်နောက်ခံ ပြုနေတာဖြစ်ပြီး လိုအပ်တဲ့ အကူအညီတွေကိုလည်း ထောက်ပံ့ပေးနေသလို ရွေးကောက်ပွဲဟာလည်း တရုတ်သမ္မတနဲ့ သဘောတူညီချက်ကြောင့် ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာ သမ္မတအဖြစ် စစ်ခေါင်းဆောင်၊ ဒုသမ္မတအဖြစ် ကရင်လူမျိုး၊ အမျိုးသားလွှတ်တော်မှာလည်း ကချင်လူမျိုးတို့ကို နေရာပေးထားတာဟာ တရုတ်အလိုကျ ဖြစ်နိုင်တယ်လို့လည်း စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က “သူကတော့ (တရုတ်) ဒီစစ်အစိုးရ အရေးနိမ့်သွားမှာ မလိုလားဘူးပေါ့နော်။ ဘာလို့ဆို ဒီစစ်အစိုးရက သူသေဆိုသေ၊ ရှင်ဆိုရှင် ကြိုက်သလို စီမံခန့်ခွဲနိုင်တယ်လေ။ ကျန်တဲ့ဟာတွေဆိုရင် သူက ပြန်စနေရဦးမှာဆိုတော့ သူက ဒီစစ်အစိုးရကိုပဲ လိုချင်တာပေါ့နော်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
တရုတ်နိုင်ငံနဲ့အာရက္ခတပ်တော် (AA) ကြားက ဆက်ဆံရေးဟာ လက်ရှိမြန်မာ့နိုင်ငံရေးမှာ အလွန်အရေးပါပြီး ရှုပ်ထွေးတဲ့ အခင်းအကျင်းတခုဖြစ်ပြီး တရုတ်နိုင်ငံအတွက် ရက္ခိုင်ပြည်ဟာ သူတို့ရဲ့ သမုဒ္ဒရာနှစ်စင်း အိပ်မက်အတွက် အရေးပါတဲ့ ထွက်ပေါက်တခုပါ။
ဒါ့အပြင် AA ဟာလည်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးမယ်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုထားပါတယ်။
