NewsPolitic

လေးမျက်နှာတွင် AA နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ၊ ညသန်းခေါင်ပါ စကမက လေယာဉ်နဲ့ ဗုံးလာကြဲ

အာရက္ခတိုင်းမ်စ် (၁၅ ဧပြီ ၂၀၂၆)

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်‌တော်နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က ညသန်းခေါင်အချိန်မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်က စက်စက်ယိုကျေးရွာအပါအဝင် စခန်းတချို့ကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းယူထားပြီး စစ်ကော်မရှင်ဖက်က တန်ပြန် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေသလို ပုသိမ်-မုံရွာလမ်းနဲ့ ပုသိမ်-ဟင်္သာတလမ်းကနေ စစ်ကူအင်အားတွေ ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲတွေပြင်းထန်နေလို့ လေးမျက်နှာမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဟင်္သာတ၊ တလုထ္ထော်၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တွေမှာလည်း စစ်ကော်မရှင်တပ်က သဲအိတ်တွေနဲ့ ဘန်ကာတွေ ဆောက်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ လေးမျက်နှာမြို့နယ်ဟာ ရေကြည်၊ မြန်အောင်၊ ဇလွန် နဲ့ ဟင်္သာတ စတဲ့ မြို့နယ်တွေနဲ့ နယ်နမိတ်ချင်း ထိစပ်နေတာလည်း ဖြစ်ပါတယ်။

လေးမျက်နှာတိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၄၊ ၅၊ ၆၊ ၁၀၊ ခလရ ၃၅၊ ၈၀၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ ၆၃ နဲ့ ၂၇၁ တို့ ပါဝင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

Related posts

နတ်ချောင်းရှိ စာသင်ကျောင်း အမိုးများ ပြုပြင်ရန် အကူညီလိုနေ

Rakhita Times

ဘူးသီးတောင်တွင် AA ကြောင့် ကလေးငယ်အပါအဝင် မွတ်ဆလင် ၁၇၀ သေဆုံးခဲ့တယ်လို့ HRW ထုတ်ပြန်

Rakhita Times

မြောက်ဦး ဗုံးဒဏ်သင့်ပြည်သူတွေအတွက် ANDP-Japan အလှူငွေကောက်ခံ

Rakhita Times

208 comments

Leave a Comment