NewsPolitic

ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက် ကျောက်ထုကို စကမ အင်အား ထောင်ချီ ဦးတည်လာနေ

အာရက္ခတိုင်းမ်စ် (၂၃ မေ ၂၀၂၆)

ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက်တခုဖြစ်တဲ့ မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ်က ကျောက်ထုမြို့ အမြောက်တပ် ၃၆၈ တပ်ကို စစ်ကော်မရှင်ရဲ့ တပ်မကြီး ၄ ခုကနေ အင်အားထောင်ချီပြီး ဦးတည်ချီတက်လာနေတယ်လို့ သိရပါတယ်။

“ စစ်သည် ထောင်ချီတဲ့အင်အားတွေမှာ သန္ဓေစစ်သည်လို့ခေါ်တဲ့ အမြဲတမ်းစစ်သားက ရာဂဏန်းလောက်ပဲပါတာ။ ကျန်တာက တပ်သားသစ်တွေ အနယ်နယ် အရပ်ရပ်က ပေါ်တာဆွဲ စုဆောင်းပြီး ရက်တိုစစ်သင်းတန်းပေးခံထားရတဲ့သူတွေ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ စစ်အင်အား ထောင်ချီဟာ ကား အစီး ၃၀ ကျော်နဲ့ ချီတက်လာတာဖြစ်ပြီး ချီတက်လာတဲ့ တမ်မတွေကတော့ ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁၊ မန္တလေးတိုင်း မိတ္ထီလာမြို့ အခြေစိုက် တပ်မ ၉၉၊ မကွေးမြို့ အခြေစိုက် တပ်မ ၈၈ နဲ့ ရှမ်းပြည်တောင်ပိုင်း ကလောမြို့ အခြေစိုက် တပ်မ ၅၅ ဖြစ်တယ်လို့ သိရပါတယ်။

“ ဒီတခါ ထူးခြားတာက အမျိုးသမီး စစ်မေတွေပါ ပါလာတာ တွေ့ရတယ်။ ပြီးတော့ ကားတွေထဲမှာ အသေခံဒရုန်းတွေချည်းပဲ သီးသန့်တင်လာတဲ့ကား ပါလာတယ်။ ပြီးတော့ ၁၂၂ မမ အမြောက်ကြီး ဟောင်ဝှစ်ဇာ ပေါ့ အဲဒါ တင်လာတဲ့ကားလည်း ပါလာတယ်။ အခြားလက်နက်တွေလည်း ပါလာတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

လက်ရှိမှာ အဆိုပါ ယာဉ်တန်းဟာ ပေါက်- တပြင်း-ပန်းဆန်-ကျောက်ထု ပြည်ထောင်စုကားလမ်းမကြီးကို ဗဟိုပြုပြီး ဒရုန်းများနဲ့ ကြိုတင်ပျံသန်းကင်းထောက်ကာ အန္တရာယ်ရှိနိုင်တယ်လို့ ယူဆပါက ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်မှုများ လုပ်ဆောင်ပြီး တရွေ့ရွေ့ ရှေ့ကို တိုးလာနေတယ်လို့ သိရပါတယ်။

ကျောက်ထုမြို့ စစ်ကော်မရှင်ရဲ့ အမြောက်တပ် ၃၆၈ တပ်ကနေ ကံကြီးကျေးရွာတွင် အင်အား ၂၀၀ ကျော်နဲ့ ခံစစ်ပြင်ဆင်ထားပြီး ကျောက်ထု အမြောက်တပ်ကနေ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Related posts

ပလက်ဝ တိုက်ပွဲရှောင် လေးသောင်းနီးပါး နေရပ်မပြန်နိုင်သေး

Rakhita Times

လွှတ်တော်ပေါ်တဲ့အခါ လက်နက်ကိုင်တောင်းဆိုတာက ဒီမိုကရေစီနဲ့ သွေဖယ်ဟု စစ်ခေါင်းဆောင်ပြော

Rakhita Times

ကျောက်နီမော်ကို စကစ ဘာကြောင့်ဗုံးကြဲတာလဲ

Rakhita Times

Leave a Comment