အာရက္ခတိုင်းမ်စ် (၂၂ နိုဝင်ဘာ ၂၀၂၆)
ပလက်ဝခရိုင်အတွင်း ကာကွယ်ဆေးထိုးဖို့ လိုအပ်နေတဲ့ မွေးကင်းစ ၂ လသားအရွယ်ကနေ အသက် ၅ နှစ်အောက် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒီနိုဝင်ဘာလ ပထမပတ်အတွင်း ကာကွယ်ဆေးတွေ အခမဲ့ ကွင်းဆင်း ထိုးပေးခဲ့တယ်လို့ သိရပါတယ်။
ပလက်ဝခရိုင်မှာ ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်သေးတာကြောင့် အာရက္ခဗဟိုကျန်းမာရေးဌာနက ပြည်သူ့ကျန်းမာရေးဝန်ထမ်း ၂၃ ဦးကို အထူးအစီအစဉ်နဲ့ စေလွှတ်ပြီး ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကာကွယ်ဆေးထိုးအဖွဲ့တွေက ဆမီးမြို့အပါအဝင် ပလက်ဝခရိုင်က တိုက်နယ် ၉ ခုစလုံးကို သွားရောက်ပြီး ကလေးငယ်တွေအတွက် တီဘီ (BCG)၊ ပိုလီယို (OPV)၊ ဝက်သက်၊ ပါးကျိတ်ရောင်၊ ဂျိုက်သိုးရောဂါ (MMR) ကာကွယ်ဆေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မေးခိုင်ရောဂါကာကွယ်ဆေး (TD) တွေကို ထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။
ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ပလက်ဝခရိုင်မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ပိုထိရောက်အောင် မကြာမီကာလအတွင်း ကျန်းမာရေးဝန်ထမ်းအင်အားတွေ ထပ်မံတိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။
အလားတူ လိုအပ်နေတဲ့ ဆေးရုံသုံးပစ္စည်းတွေလည်း ဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး ၂၀၂၅ ကစပြီး ဒေသအသီးသီးက ကလေးငယ်တွေ ကာကွယ်ဆေး အပြည့်အဝရရှိဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
၂၀၂၆ ဇူလိုင်လမှာ ULA ရဲ့ ပြည်သူ့ကျန်းမာရေးဌာနက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တွေမှာ အသက် ၅ နှစ်အောက်ကလေး ၈၀,၀၀၀ ခန့်ကို ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အခမဲ့ထိုးခဲ့တယ်လို့လည်း သိရပါတယ်။
Photo – Paletwa Times
