အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၆)
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ လောင်းရှည်၊ ငှက်ပြာဝအခြေစိုက် ကပစ ၂၅ (ကာကွယ်ရေးပစ္စည်းစက်ရုံ) ကို ပဲခူးအခြေစိုက် တပ်မ ၇၇ ကနေ ထွက်ခွာလာတဲ့ စစ်ယာဉ်တန်း ၁၅ စီး ထပ်မံ ရောက်ရှိလာတယ်လို့ သိရပါတယ်။
အဲဒီစစ်ယာဉ်တန်းတွေဟာ ပဲခူး၊ မကွေး၊ မင်းဘူး၊ စကု၊ လယ်ကိုင်း၊ ရှောက်တော၊ ကံပြားကနေတစ်ဆင့် ကျွန်းတောလမ်းခွဲ၊ ခွေးမလောင်၊ ကြောင်သိုက်၊ ကံဘောက်၊ ဟန်ဒေါက်၊ ကြံဆိမ့်၊ အုံးဝါး ခရိုင်ချင်းဆက် လမ်းအတိုင်းသာ ဝင်ရောက်လာတာလို့ သိရပါတယ်။
“စစ်သားတွေက ခန့်မှန်းရတာတော့ ၃၀၀ လောက်ရှိမယ်။ စစ်ကား ၁၅ စီးကို အရာရှိကြီးတစ်ဦးက အိမ်စီးကား နဲ့ လိုက်ပို့တာ။ အဲ အရာရှိ ပြန်တာတော့ မတွေ့သေးဘူး။ တပ်ထဲမှာပဲ ရှိနေသေးတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
အဆိုပါ စစ်ယာဉ်တန်းဟာ နိုဝင်ဘာလ ၂၅ ရက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ မကွေးမြို့ကနေ ထွက်လာတာလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်ကနေ နိုဝင်ဘာလ ၁ ရက်အထိ လောင်းရှည် ကပစ ၂၅ ကို စစ်ကောင်စီတပ်က ၄ ကြိမ်အထိ အင်းအားဖြည့်တင်းခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရက္ခိုင်ပြည်ရဲ့ ဝင်ပေါက် ထွက်ပေါက်ဖြစ်တဲ့ နေရာတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ယခုလို့ အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။
