BusinessNewsPolitic

ရန်ကုန်မှာ စည်ပင်ရဲ့ လိုင်းကြေးကြောင့် အခြေခံလူတန်းစားတွေ အခက်ကြုံနေ

အာရက္ခတိုင်းမ်စ် (၃၁ မေလ ၂၀၂၆)

ရန်ကုန်မြို့မှာ စည်ပင်တွေရဲ့ လိုင်းကြေးကောက်ခံမှုကြောင့် အခြေခံ လူတန်းစားတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြိုနေပြည်သူတွေက ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ လမ်းပေါ်တွေမှာ ချထားတဲ့ လိမ္မော်ရောင် အမှိုက်ပုံးတွေမှာ ပလုံကောက်သူ အများအပြားကို နေ့စဉ်နဲ့အမျှ တွေ့မြင်နေရလေ့ ရှိပါတယ်။ ဒီလို ပလုံကောက်တာကို အရင်က လွတ်လပ်စွာ ကောက်ခွင့် ရှိပေမယ့် ရွေးတုအစိုးရ လက်ထက်မှာတော့ သူ့ရဲ့ လက်အောက်ခံ စည်ပင်ဝန်ထမ်းတွေဟာ ပလုံကောက်သူတွေဆီကနေ လိုင်းကြေး ကောက်ခံနေတယ်လို့ သိရပါတယ်။

လိုင်းကြေး ကောက်ခံရာမှာ မပေးနိုင်တဲ့ ပလုံကောက်သူတွေအနေနဲ့ ကောက်ခွင့်မရှိပဲ စည်ပင် ဖမ်းဆီးခြင်းမရှိတဲ့ ညပိုင်းအချိန်မှသာ ပလုံကောက်ခြင်းလုပ်ငန်းကို စတင် နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

မေလ ၃၀ ရက်၊ နံနက်အစောပိုင်း ၁ နာရီ ၅ မိနစ်မှာ ရန်ကုန်မြို့၊ ဒဂုံမြိုသစ် (မြောက်ပိုင်း) မြို့နယ်၊ ဦးဝိစာရလမ်းမပေါ် ပလုံကောက်တဲ့ သားအမိကို ယာဉ်တစီးက ဝင်တိုက်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်‌မှာ ပလုံကောက်သူ အမျိုးသမီးဟာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံမှာ ကွယ်လွန်ခဲ့ပြီး သူ့ရဲ့ သားဖြစ်သူ အသက် ၉ နှစ်အရွယ် ကလေးငယ်ကတော့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့ပါတယ်။

“ ပလုံကောက်တဲ့ တွန်းလှည်းကို ကားတိုက်ပြီး ထွက်ပြေးတာပါ။ သူတို့ ဘာလို့ အဲ့ဒီအချိန်မှ အမှိုက်ထွက်ကောက်ရလဲဆိုတော့ အခုလက်ရှိ အမှိုက်ပုံ‌တွေကစည်ပင်တွေကို လိုင်းကြေးပေးတဲ့ လူတွေပဲ ကောက်လို့ရတာ။ ရပ်ကွက်တွေမှာ အမှိက်ပုံးတွေ ချထားတာကို အဲ့ဒီမှာ ကောက်ချင်ရင် စည်ပင်ကို လိုင်းကြေးပေးရတယ်။ အဲ့ဒီကလေး မိသားစုက လိုင်းကြေး မပေးနိုင်တော့ စောင့်မယ့်လူ မရှိတဲ့ ညပိုင်းတွေမှာ ထွက်ထွက် ကောက်ရတာ။ အဲ့ဒီအချိန်မှာ ကားဖြတ်တိုက်သွားတာ။ ကလေးက နေ့ဘက် ကျောင်းတက်ပြီး ညမှာ ပလုံကောက်တာ” လို့ ဝန်းရံမှုလူမှုကူညီကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက အာရက္ခတိုင်းမ်စ်ကိုပြောပါတယ်။

ဒါ့အပြင် ရက် ၁၀၀ စီမံချက်ဆိုပြီး စကစရဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လမ်းပေါ်မှာ စျေးရောင်းချခွင့်ကို ပိတ်သိမ်းထားတယ်လို့ စျေးသည်တွေက ဆိုပါတယ်။

“ ရက် ၁၀၀ စီမံချက်ဆိုပြီး စည်ပင်က လိုက်ပိတ်ခိုင်းတာ။ ဖွင့်ချင်ရင် ညနေ ၅ နာရီကျော် ၆ နာရီမှ ဖွင့်ရမယ်တဲ့။ အဲ့ဒီအချိန်မှတော့ ဘယ်လို ဈေးသွားရောင်းရမလဲ။ မရှိလို့ ဈေးရောင်းစားနေတာကို တခုပြီးတခု ကြပ်နေတာ။ ရောင်းရင်လည်း စည်ပင်တွေကို ဈေးကောက် ပေးရသေး။ မပေးရင် ပြဿနာရှာတတ်လို့။ သူတို့ကို ပေးနေရင် သူတို့နဲ့ အဆင်ပြေရင်တော့ ဘာလုပ်လုပ် ရတယ်” လို့ လမ်းဘေးဈေးသည်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အခုလို လမ်းဘေး ဈေးရောင်းချသူတွေကိုသာမက ရန်ကုန်မြို့ရဲ့ လူအစည်ကားဆုံး နေရာတခုဖြစ်တဲ့ ၁၉ လမ်းမှာလည်း ဈေးရောင်းချခွင့် ပိတ်ထားတာကြောင့် လမ်းမှာ ရှင်းလင်းနေပြီး လူသွားလူလာ နည်းပါးသွားခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လိုင်းကြေးကောက်ခံခြင်း၊ စည်းကမ်း တင်းကြပ်ခြင်းတွေကြောင့် အခြေခံ လူတန်းစားတွေရဲ့ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေလျက် ရှိပါတယ်။

Related posts

ရက္ခိုင်တွင် ရွေးကောက်မဖြစ်နိုင်

Rakhita Times

ဆုပ်လည်းစူး စားလည်းရူးနေရတဲ့ ရခိုင်သတင်းသမားတွေ ဘဝ

Rakhita Times

လုံခြုံရေးကြောင့် ရသေ့တောင်မှာ မိုဘိုင်းဖုန်းတွေကို AA သိမ်း

Rakhita Times

Leave a Comment