BusinessEnvironmentNewsPolitic

မင်းအောင်လှိုင်ကြောင့် တရုတ်နဲ့ အိန္ဒိယကြား ပဋိပက္ခဖြစ်စရာ အကြောင်းမရှိ

အာရက္ခတိုင်းမ်စ် (၉ ဇွန် ၂၀၂၆)

ရွေးကောက်ပွဲအတုကနေ ပေါ်ထွက်လာတဲ့ အယောင်ဆောင်အစိုးရအဖွဲ့က သမ္မတအတု ဦးမင်းအောင်လှိုင်ကြောင့် တရုတ်နဲ့ အိန္ဒိယကြား ပဋိပက္ခဖြစ်စရာ အကြောင်းမရှိဘူးလို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဦးမင်းအောင်လှိုင်ဟာ သမ္မတအတုအဖြစ် တာဝန်ထမ်းဆောင်စဉ် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်ကနေ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံကို  သွားရောက်ခဲ့ပါတယ်။

အဲဒီနောက် စစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေဟာ ဇွန်လ ၄ ရက်ကနေ ၆ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ထပ်မံ သွားရောက်ခဲ့တာပါ။

ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကြောင့်နဲ့ အဲဒီအင်အားကြီး ၂ နိုင်ငံကြား ပဋိပက္ခဖြစ်စရာ မရှိဘူးလို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အိန္ဒိယက ဒီလိုလေ တချို့ သတင်းစာတွေမှာ ရေးသလို အိန္ဒိယနဲ့ တရုတ်နဲ့ ပဋိပက္ခ ဘာညာဆိုပြီး မရှိပါဘူး။ သူတို့ ပြိုင်ဆိုင်မှုတော့ ရှိတယ်။ ဒါပေမယ့် အဓိက ပဋိပက္ခကြီးတွေ သူတို့ ဖြေရှင်းထားတာတွေ ရှိတယ်။ ဥပမာ နယ်နိမိတ်ကိစ္စတို့ ဘာတို့၊ ပြီးတော့ စီးပွားရေး ကိစ္စကလည်း သူတို့ အများကြီး ပြန်ပြေလည်နေပြီ။ အဲဒီတော့ အိန္ဒိယနဲ့ တရုတ်ရဲ့ လေကြောင်းလိုင်းတွေတောင် ပြန်ဖွင့်တာ တပတ် တပတ် နည်းတာ မဟုတ်ဘူးလေ။ အဲဒီတော့ သဘောက အိန္ဒိယနဲ့ တရုတ်က သူတို့နိုင်ငံကြီးတွေ ဖြစ်တဲ့အတွက် သူတို့က မဟာဗျူဟာအရ ဗမာပြည်ကို ဘယ်လို ချဉ်းကပ်မလဲ ဆိုတာပဲ မူတည်တယ်။ ဗမာပြည်က မင်းအောင်လှိုင်လို ခပ်တိန်တိန် စဉ်းစားပြီး လာပြီး လုပ်တဲ့လူလောက်တော့ တရုတ်နဲ့ အိန္ဒိယက ပဋိပက္ခဖြစ်စရာ အကြောင်းမရှိဘူး”  လို့ သူက ပြောပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်က အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနဲ့ သမ္မတအတု ဦးမင်းအောင်လှိုင်တို့ဟာ နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့ပြီး မြေရှားသတ္ထု၊ ကုန်သွယ်ရေး၊ စီမံကိန်းနဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြေရှားကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၅ ခုနှစ်တုန်းက KIA နဲ့ အိန္ဒိယအကြား လျှို့ဝှက်သဘောတူညီချက် ရယူထားတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်ထားတာပါ။

မြေရှားအများစုကို KIA က ကိုင်ထားတာဖြစ်ပေမယ့် မြေရှားလုပ်ငန်းတခုလုံးကို တရုတ်ကပဲ ရင်းနှီးမြှုပ်နှံထားတာကြောင့် KIA အနေနဲ့ တရုတ်နဲ့ပဲ ဆက်ဆံလို့ရမှာဖြစ်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မြေရှားကိစ္စက မင်းအောင်လှိုင် သူ့ကိုယ်သူ ဒါကို Leverage အနေနဲ့ ကိုင်ထားတာ။ ဒါပေမယ့် သူတို့ ဘာမှ ဝင်ပြီး ကိုင်နိုင်မှာ မဟုတ်ဘူး။ တကယ်တော့ KIA ကပဲ ကိုင်ထားတယ်။ KIA ကလည်း တရုတ်နဲ့ပဲ ဆက်ဆံလို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို မြေရှားက ထုတ်ရတာ လွယ်တယ်။ ပြီးမှ သူ့ကို process လုပ်ရတာ၊ အချောကိုင်ရတာ။ အဲဒီ လုပ်ငန်းတခုလုံးက တရုတ်က အကုန်လုံး ရင်းနှီးမြှုပ်နှံပြီးတော့ လုပ်နေတာ ဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်ကြီးကို သိပ်ထိခိုက်တာ။ အဲဒီတော့ အဲဒီလို လုပ်ပြီးမှ ထုတ်လို့ရတာလေ။ export လုပ်လို့ရတာလေ။ အဲဒီတော့ အဲလုပ်ငန်းတခုလုံးက တရုတ်က ကိုင်ထားတာ ဖြစ်တယ်။ အဲဒီတော့ သူတို့ပါးစပ်ကပဲ ပြောနေတာပဲ။ တကယ့်တကယ် မင်းအောင်လှိုင်မှာ နိုင်ဖဲ သိပ်မရှိဘူးပေါ့လေ။ အိန္ဒိယနဲ့ တရုတ်ကလည်း သူ့လမ်းနဲ့ သူ သွားမှာပဲ” လို့ သူက ပြောပါတယ်။

တရုတ်ဘက်ကလည်း နှစ်နိုင်ငံအကြား စီးပွားရေးစင်္ကြံတွေ၊ စီမံကိန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်စတင်ဖို့ အတင်း တွန်းအားပေး တိုက်တွန်းလျက် ရှိနေပါတယ်။

Related posts

AA ရဲ့ လက်နက်ကြီးတွေ စစ်တွေက တပ်ရင်း ၁၂ နဲ့ ရေတပ်ဌာနချုပ်ကို ကျ

Rakhita Times

TNLA ရဲ့ အပတ်စဉ် ၆၇ စစ်ရေးသင်တန်းဆင်းပွဲ ကျင်းပ

Rakhita Times

အာဏာရှင်စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးပုံစံသစ်နှင့် အာရက္ခပြည်

Rakhita Times

Leave a Comment