အာရက္ခတိုင်းမ်စ် (၉ ဇွန် ၂၀၂၆)
ALP ပါဝင်တဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ (7 EAO Alliance) နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ ဒီကနေ့ (ဇွန် ၉) တွင် နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
7 EAO Alliance ရဲ့ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက “ အစိုးရသစ် ဖွဲ့စည်းပြီးနောက်မှာ NSPNC ဘက်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ဖို့နဲ့ ကြိုတင် ကန့်သတ်ချက် မထားတဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ရည်ရွယ်ပြီး ဧပြီလ ၂၁ ရက်မှာ တရားဝင် ဖိတ်ခေါ်ခဲ့တာကို မိမိတို့ 7 EA အနေနဲ့ ကြိုဆိုတယ်” လို့ ဆိုပါတယ်။
အလားတူ “ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ရှိ အခြေအနေတွေနဲ့အညီ ပြန်ပြီး ဖော်ဆောင်နိုင်ဖို့၊ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့အစည်းတွေ အားလုံး ပါဝင်လာစေဖို့နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ ကျွန်တော်တို့ 7 EA အနေနဲ့ သဘောထား ရှိပါတယ်” လို့လည်း ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေခဲ့မှုအပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက “ သူတို့အဖွဲ့တွေက အာဏာမသိမ်းခင်ကလည်း တွေ့ကြတာပဲ။ အာဏာသိမ်းပြီးလည်း တွေ့ကြတာပဲ။ အခု ရွေးကောက်ပွဲအတုကနေပေါ်လာတဲ့ သမ္မတလက်ထက်လည်း တွေ့ကြတာပဲ။ တွေ့ဆုံ စကားပြောကြတာပေါ့။ အခု ငြိမ်းချမ်းချင်ရင် တကယ်ကို တိုက်ခိုက်နေကြတယ် EAO တွေနဲ့ တွေ့ရမှာ၊ အဲဒါကမှ အဖြေစစ် အဖြေမှန် ထွက်လာမှာ။ အခုက ဟန်ပြ သက်သက်ပါပဲ” လို့ အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
အဆိုပါ အလွတ်သဘော ဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ (7 EAO Alliance) ဖြစ်တဲ့ RCSS၊ NMSP၊ ALP၊ PNLO၊ LDU၊ DKBA၊ KNU/KNLA-PC က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ABSDF ဒုဥက္ကဋ္ဌဟောင်း ရဲဘော်မျိုးဝင်းလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
