NewsPolitic

လေးဝတီထွန်းရွှေ မေဒါဝီဆေးရုံတွင် ကွယ်လွန်

အာရက္ခတိုင်းမ်စ် (၁၂ ဇူလိုင် ၂၀၂၆)

ရက္ခိုင်စာရေးဆရာ လေးဝတီထွန်းရွှေဟာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဒါဝီဆေးရုံမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်တယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

သူဟာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါကို ဆေးကုသမှု ခံယူနေစဉ် ဇူလိုင်လ ၁၁ ရက်၊ ည ၁၂ နာရီ ၄၃ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ် ရှိပြီ ဖြစ်ပါတယ်။

ရက္ခိုင်အရေးနဲ့ ပတ်သက်ပြီး တက်ကြွစွာ ပါဝင်ခဲ့သလို ရက္ခိုင်သမိုင်း သုတေသနအဖွဲ့ရဲ့ ကော်မတီဝင်တစ်ဦးလည်း ဖြစ်ခဲ့တာကြောင့် အခုလို ကွယ်လွန်သွားတာဟာ အင်အားလျော့သလို ခံစားရတယ်လို့ ရက္ခိုင်သမိုင်းသုတေသနအဖွဲ့ရဲ့ အတွင်းရေးမှူး စာရေးဆရာ ကိုခိုင်မင်းခန့်က ဆိုပါတယ်။

“သူက စာပေအရေး၊ အမျိုးသားရေး၊ ပါတီအရေးတွေမှာ ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့သူ။ ရက္ခိုင်သမိုင်းသုတေသနအဖွဲ့မှာလည်း ကော်မတီဝင်တစ်ဦးဖြစ်တဲ့အလျောက် သူလုပ်ရမဲ့ အရာတွေအပေါ်မှာ တတ်တတ်ကြွကြွ ဆောင်ရွက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူနဲ့ ကျနော်တို့ ရက္ခိုင်မျိုးနွယ်စုတွေနဲ့ ကျင်းပတဲ့ ပွဲတစ်ခုမှာဆိုရင် တကယ်ကို တက်တက်ကြွကြွပါပဲ။ နေမကောင်း ဖြစ်နေတယ်လို့ မထင်ရလောက်အောင်ကို ပြောဆို ဆွေးနွေးခဲ့တာပါ။ ကျနော်နဲ့ စာပေအကြောင်းတွေကို ဖုန်းထဲကနေ နာရီနဲ့ချီပြီးတော့ကို ဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။ သူ အခုလို ကွယ်လွန်သွားတဲ့အတွက် အလွန် စိတ်မကောင်းဖြစ်ရသလို ကျနော်တို့အဖွဲအတွက် အင်အားတစ်ခု ဆုံးရှုံးလိုက်ရတယ်လို့လည်း ခံစားရပါတယ် “လို့ အတွင်းရေးမှူး စာရေးဆရာ ကိုခိုင်မင်းခန့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဆရာ လေးဝတီထွန်းရွှေဟာ ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့၊ ပန်းတင်းကျွန်း အရှေ့ဖက်နေ (ဦးမောင်သိန်း) + (ဒေါ်နှင်းပန်းဖြူ) တို့ရဲ့သားဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်နှင်းရီ (ခ) ဒေါ်ငွေရီ နဲ့အတူ သားတစ်ဦး၊ သမီး နှစ်ဦး၊ မြေး လေးဦး ကျန်ရစ်ခဲ့ပါတယ်။

သူ့ရဲ့ ဈာပနအခမ်းအနားကို မနက်ဖြန် (ဇူလိုင် ၁၃ ရက်) နေ့လည် ၁ နာရီမှာ ရန်ကုန်မြို့ရှိ ရေဝေးသုဿန်မှာ ပြုလုပ်မှာဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်၊ ဇဋိလလမ်းရှိ နေအိမ်မှ ကားများ နေ့လည် ၁၂ နာရီမှာ စတင် ထွက်ခွာမှာ ဖြစ်တယ်လို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။

Related posts

ချင်းတွင်းမြစ်ရဲ့ ရေနဲ့ငါးသယံဇာတ ဘာတွေဖြစ်နေလဲ

Rakhita Times

မြောက်ဦးကို လေယာဉ် ၈ စီးနဲ့ ဗုံးပတ်ကြဲခဲ့လို့ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

ရက္ခိုင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို၊ စည်းကမ်းလိုက်နာရန် လုပ်ဆောင်နေ

Rakhita Times

1 comment

Leave a Comment