အာရက္ခတိုင်းမ်စ် (၁၂ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာတွင် သွေးလွန်တုတ်ကွေးနဲ့ ငှက်ဖျားရောဂါဟာ ရွာလုံးကျွတ်နီးပါး ဖြစ်ပွားနေပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဇူလိုင်လ ၁၁ ရက်မှာ သွားရောက် ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။
ရွာလုံးကျွတ်နီးပါး ရောဂါဖြစ်ပွားနေပြီး လူသေဆုံးမှုတွေရှိနေတာကြောင့် ကျန်းမာရေးဌာနအနေနဲ့ လာရောက်ကူညီပေးဖို့ လူမှုကွန်ရက်စာမျက်နှာတွေကနေ အကူအညီတောင်းခံအပြီးမှာ အခုလို လာရောက် ဆေးကုသပေးတာလို့လည်း သိရပါတယ်။
“မနေ့ကတော့ ရွာသား ၆၀ လောက်ကို ဆေးကုသပေးခဲ့တယ်။ နောက်နေ့တွေလည်း ထပ်လာမယ်ပြောပါတယ်။ အခုက ရေကလည်း ကြီးနေတော့ သွားရေး လာရေးကလည်း တော်တော်ခက်ခဲတယ်လေ” လို့ ဝေသာလီရွာဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ ဇူလိုင်လ ၁၀ရက်ကလည်း မြောက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနဲ့ ကြီးကြပ် ၂ သင်တန်းသားများ ပူးပေါင်းပြီး ဝေသာလီကျေးရွာက ရွာသူ ရွာသားတွေကို ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ၊ ရွာအတွင်း ABIHE – ပိုးသတ်ဆေး ဖြန်းခြင်းများ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၈၊ ၉ နဲ့ ၁၁ ရက်တွင် ဝေသာလီရွာက အမျိုးသမီး သုံးဦး ဆက်တိုက် သေဆုံးခဲ့ပြီး သေဆုံးခဲ့သူတွေထဲက နှစ်ဦးဟာ ကလေးမိခင်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
