အာရက္ခတိုင်းမ်စ် (၂၀ ဩဂုတ် ၂၀၂၆)
နေပြည်တော်ဘက်က အာရက္ခတပ်တော် AA ကို အမြင်မကြည်တာကြောင့် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုအတွက် ဆုံးဖြတ်ဖို့ မလွယ်သေးဘဲ အကန့်အသတ်နဲ့ စောင့်ကြည့်နေတာ ဖြစ်နိုင်တယ်လို့ PNLO-NCA/S ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“သဘောထား တင်းမာတယ်၊ မတင်းမာဘူးဆိုတာထက် AA ရဲ့ စွမ်းဆောင်ရည်ပေါ့လေ။ နယ်မြေတွေ သိမ်းထားတာတွေ၊ အုပ်ချုပ်ရေး ချထားတာတွေ၊ လူမှုရေး၊ ကယ်ဆယ်ရေးတို့ လုပ်နေတာတွေ။ AA ရဲ့ စွမ်းဆောင်ရည်တွေက သူ့အနေအထားနဲ့ သူပေါ့။ သူ့နယ်မြေနဲ့ သူဆိုတော့ တော်တော်လေး smart ကျသလို ဖြစ်နေတယ်လို့ ယူဆရတာပေါ့။ အဲဒီအပေါ်မှာတော့ အမြင်ကြည်ချင်မှ ကြည်မယ်။ သို့သော်လည်းပဲ အဲဒီကနေပြီးတော့ နိုင်ငံရေးအောင်ပွဲ၊ နိုင်ငံရေးရလဒ်ကို ကူးသွားဖို့ AA ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို သွားဖို့ကတော့ လက်ရှိပုံစံအတိုင်းတော့ မဖြစ်နိုင်သေးဘူးလို့ ယူဆပါတယ်။ လောလောဆယ်ဆယ် AA ရဲ့ သူ့ရဲ့ အနေအထားနဲ့ လှုပ်ရှားမှုအရှိန်အဟုန်ကို နေပြည်တော်က ဒီတိုင်းပဲ အကန့်အသတ်နဲ့ ကြည့်နေတယ်။ အကန့်အသတ်နဲ့ ဗုံးတွေ ဘာတွေ ကြဲပြီးတော့ ဟန့်တားတာ ရှိတယ်။ အချိန်တစ်ခုယူပြီးတော့ စေ့စပ်ဆွေးနွေးမလား၊ အချိန်တစ်ခုယူပြီးတော့ ချေမှုန်းမလား ဆိုတာကတော့ လက်ရှိ တိုင်းပြည်အရ၊ လိုအပ်ချက်အရပေါ့လေ။ ဆုံးဖြတ်ဖို့ မလွယ်သေးဘူးနဲ့ တူပါတယ်” လို့ သူက ပြောပါတယ်။
နယ်မြေအများစု သိမ်းပိုက်ရရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားတွေ စတင် လည်ပတ်နေပြီဖြစ်တဲ့ အာရက္ခတပ်တော် AA နဲ့ကတော့ တင်းမာမှုတွေ ပိုများတာကြောင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ အင်မတန် ခက်ခဲတယ်လို့လည်း အားလုံးက ယူဆထားကြပါတယ်။
AA အနေနဲ့လည်း သူ့အတွက် အခက်အခဲဖိအား တစ်စုံတစ်ရာ မရှိသေးသရွေ့ကတော့ စစ်ကော်မရှင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးစရာ အကြောင်းမရှိနိုင်ဘူးလို့လည်း ထောက်ပြကြပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ဟာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ဖြစ်ကြတဲ့ NMSP၊ RCSS၊ DKBA၊ KNU/KNLA-PC၊ ALP၊ LDU တို့နဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် NCA မထိုးရသေးတဲ့ အဖွဲ့တွေဖြစ်တဲ့ UWSA၊ NDAA၊ SSPP၊ TNLA၊ NSCN-K၊ CNO၊ SNA တို့နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
လက်ရှိမြေပြင်မှာ စစ်ကော်မရှင်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ KIA ကတော့ တရားဝင် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုထက် ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မကြာခဏ တွေ့ဆုံမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် AA ဟာ ရက္ခိုင်ပြည်ရှိ မြို့နယ်တွေထဲကမှ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့ ၃ ခုကလွဲရင် ကျန်တဲ့မြို့နယ်တွေအားလုံးကို အုပ်ချုပ်ထားလျက် ရှိနေတာပါ။
အဲဒါကြောင့်လည်း စစ်ကော်မရှင်ဟာ AA ထိန်းချုပ်ရာဒေသတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ပြုလုပ်လျက်လည်း ရှိပါတယ်။
