အာရက္ခတိုင်းမ်စ် (၂၀ ဩဂုတ် ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ပြည်တော်သာအိမ်ရာရှေ့က စည်ပင်မြေနေရာတွေမှာ ဆောက်ထားတဲ့ တဲအိမ်တွေကို အခုလကုန်အတွင်း အပြီး ဖြိုခိုင်းထားတယ်လို့ ပြည်တော်သာအိမ်ရာမှာ နေထိုင်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါပေမယ့် အခုကာလဟာ မိုးတွင်းဖြစ်တာကြောင့် အချိန်ကာလတစ်ခုအထိ ရွှေ့ဆိုင်းပေးဖို့ ရွေးတုအစိုးရထံ အသနားခံစာ တင်သွားမယ်လို့လည်း ပြောပါတယ်။
“ဟုတ်ပါတယ်။ အဲဒါက ကျမတို့လည်း နေလာတာ တော်တော်ကြာပါပြီ။ ကျမတို့လည်း ဝန်ထမ်းတွေပါ။ ကျမတို့တွေက မိသားစုများတဲ့အခါ ညနေဘက်ဆို ခြံရှေ့မှာ အိမ်ရှေ့ကနေပြီး ကိုယ့်အိမ်ရှေ့က မြေပို နေတဲ့နေရာမှာ အိမ်ပိုင်ပုံစံမျိုးပါပဲ။ အရွက်တွေထိုးလို့ အိမ်ပုံစံမျိုး ဆောက်လိုက်တယ်။ ပြီးရင် လူများတဲ့အခါ တိုက်ခန်းဘက်မှာလည်း နေတယ်။ အဲဒီအောက်မှာလည်း နေတယ်ဆိုတဲ့ ပုံစံမျိုး။ အခုက အိုးအိမ်ကနေ စာထုတ်ပါတယ်။ ၁၂ ရက်နေ့ ၈ လပိုင်းက စာထုတ်ပါတယ်။ အဲဒီမှာ ၃၀ ရက်နေ့အထိ ဖြိုပေးရဖို့ ဆိုပြီး စာထုတ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကတော့ ပြည်တော်သာမှာ အစည်းအဝေးတစ်ခု လုပ်ပါတယ်။ အစည်းအဝေးတစ်ခုလုပ်ပြီး အသနားခံစာတင်ဖို့ ဆိုပြီး။ ဘာလို့ အသနားခံစာတင်ဖို့လည်း ဆိုရင် အခုချိန်က မိုးရာသီလည်း မိုးရာသီပါမလား။ ဖြိုလိုက် ဖျက်လိုက်ရင်လည်း မိုးရာသီဆို နေဖို့နေရာ မရှိ။ ပြီးတော့ အခုမှ ထိုးထားကြတာ မဟုတ်ဘူး။ အနှစ်နှစ် အလလ ကြာပြီ။ ဝါကျွတ်ဖြစ်ဖြစ်၊ ရာသီဥတုသာတဲ့ အချိန်လောက်ဖြစ်ဖြစ် အချိန်ဆွဲထားဖို့ ခဏ ကျမတို့ အစိုးရဘက်မှာ အသနားခံစာတင်ဖို့ လုပ်ထား ပါတယ်။ တကယ့်တကယ် ပြောဖို့ဆို မဟုတ်လည်း ဖြိုရဖို့၊ ဟုတ်လည်း ဖြိုရဖို့။ ဖြိုရဖို့ဆိုရင်တော့ ဖြိုပစ်လိုက်တာက ကောင်းပါတယ်။ လောလောဆယ်က လူမရှိ လူအနည်းနေတဲ့ တိုက်သားတွေမှာ တော့ ဖြိုချင်ရင် ဖြိုပစ်ပါလေ။ လက်ရှိ အများစုကတော့ အခု တိုင်ပင်ထားပြီး လုပ်ထားကြတာကတော့ လက်ရှိအနေအထားမှာ ရာသီဥတုကြောင့် မိုးရာသီလည်း ဖြစ်နေတဲ့အခါ ဖြိုတော့ ဖြိုမှာပါ။ ဒါပေမယ့်လည်း နေလို့ရတယ်ဆိုရင်လည်း နေလို့ ရတယ်ဆိုတဲ့ အတိုင်းအတာတစ်ခု အခု မိုးရာသီမကုန်ခင် အစိုးရဘက်မှာ အသနားခံစာ တင်ဖို့ လုပ်ထားပါတယ်” လို့ သူက ပြောပါတယ်။
ပြည်တော်သာအိမ်ရာဟာ ထင်ရှားတဲ့ ဝန်ထမ်းအိမ်ရာနဲ့ လူနေရပ်ကွက် မြို့ကွက်သစ်တစ်ခု ဖြစ်ပါတယ်။
အခုလိုမျိုး ဖြိုခိုင်းတာက မြို့တော်သာယာလှပအောင် လုပ်မယ့် စီမံကိန်းမျိုးကြောင့် ဖြစ်တယ်လို့ ကြားရကြောင်း ပြည်တော်သာအိမ်ရာမှာနေထိုင်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ပြီးရင် အဲဒီပြည်တော်သာကို မြို့တော်သာယာလှပအောင် ပုံစံမျိုးပါမလား သူတို့ကနေပြီး compound လုပ်လိုက်ဖို့လို့ ပြောပါတယ်။ အိုးအိမ်က ပြောတာမှာတော့ compound လုပ်ဖို့ အုတ်နံရံတွေတက်လို့ အကာလုပ်လိုက်ဖို့။ ပြီးရင် အဝင်အထွက်တွေမှာ CCTV တပ်ဖို့။ အဲဒီလိုမျိုးတော့ ကျမတို့ သိရတယ်။ အဲဒီလို လုပ်မလား၊ မလုပ်မလားကတော့ လောလောဆယ် မသိရပါသေး” လို့ သူက ပြောပါတယ်။
လက်ရှိ စစ်တွေမြို့မှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေဟာ အလုပ်အကိုင် ရှားပါးမှု၊ စားဝတ်နေရေး မပြေလည်မှု၊ ကျန်းမာရေး ချို့ယွင်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု စတဲ့ ဘက်ပေါင်းစုံက ဒုက္ခတွေကို ရင်ဆိုင် ကြုံတွေ့နေကြပါတယ်။
ဒါကို လက်ရှိ စစ်တွေမြို့ကို အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေအနေနဲ့ တစ်စုံတစ်ရာ ပြေလျော့အောင် ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားမျိုး မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

165 comments