အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်းမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာကာ အလောင်း၊ လက်နက်ခဲယမ်းတွေအပြင် သုံ့ပန်းတွေပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က လေလာတောင်ဘက်ကနေ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ညောင်ကျိုးကျေးရွာဘက်ကို စစ်ကောင်စီတပ်သား ၁၅၀ ခန့်ဟာ စစ်ကြောင်းထိုးလာရာကနေ တိုက်ပွဲ စတင်ဖြစ်လာတာလို့ သိရပါတယ်။
လေလာတောင်နဲ့ ညောင်ကျိုးကြားမှာ တစ်နာရီကျော် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်မှာ အကျအဆုံးများပြီး၊ အလောင်း ၁၀ ကျော်၊ လက်နက်ခဲယမ်း ၂၀ ခန့်နဲ့ သုံ့ပန်း ၆ ဦးထက်မနည်းကို အာရက္ခတပ်တော်က သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
နောက်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်တွေကို အာရက္ခတပ်တော်က လိုက်လံတိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကလည်း ဆင်လမ်ရွာစခန်းကနေ လက်နက်ကြီးတွေအပြင် ဂျက်လေယာဉ်၊ Y-12 ထောက်ပို့လေယာဉ်တွေကိုပါ သုံးပြီး ပစ်ကူပေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ညောင်ကျိုးကျေးရွာနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို အာရက္ခတပ်တော်က တန်ပြန် ခုခံနေတယ်လို့လည်း သိရပါတယ်။
