HealthNewsPolitic

စစ်တွေဗုံးကျမှု ဒဏ်ရာရသူတွေကို ပြည်နယ် ဝန်ကြီး ၂ သိန်းသာပေး

အာရက္ခတိုင်းမ်စ် (၂၅ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ အောက်တိုဘာလ ၂၃ ရက်က ဗုံးကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသူတွေကို ပြည်နယ်ဝန်ကြီးချုပ်က တစ်ဦးလျှင် ၂ သိန်းကျပ်သာ ပေးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဲဒီနေ့က ဗုံးကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ရသူတွေထဲ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ပစ်လိုက်ရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

“အစိုးရက ဘာတွေ ထောက်ပံ့လဲဆို ဝန်ကြီးချုပ်တော့ လာတွေ့တယ် ပြောပါတယ်။ သူများတွေဆီက ပြောသံကြားတာက မိသားစုတွေဘက်က ကြားတာက ဝန်ကြီးချုပ်အနေနဲ့ လူနာတစ်ယောက်ကို ၂ သိန်း။ နောက်ပြီးရင် မာမီးခေါက်ဆွဲတစ်ထုပ်၊ Royal D အချိုရည်ဘူး၊ တစ်သျှူးတစ်ဘူးလို့ ပြောပါတယ်။ ကျမတို့အနေနဲ့ ပြောရရင် ငွေ ၂ သိန်းဆိုတာက အဲ့နားမှာ ဆီကြော်မုန့်ရောင်းတဲ့ ကောင်မလေးဆို အောက်ပိုင်းက လုံးဝ ကြေထွက်သွားသလို ဖြစ်သွားတာ။ ဒဏ်ရာကြောင့် ခြေထောက်က အသားတွေ ကြေသွားတာ။ အဲဒီ ခြေထောက်က ဖြတ်ပစ်လိုက်ရတယ် ပြောသံကြားပါတယ်။ ဖြတ်လိုက်ရတဲ့ လူတစ်ယောက်က ၂ သိန်းသာ တန်ပါတယ်မလားယေ။ ပြောရမယ်ဆို သေသွားတဲ့လူမှာတော့ အားလုံး အဆုံးပေါ့။ တစ်ဖက်ကတွေးရင်လည်း ဝန်ကြီးချုပ်အနေနဲ့ ၂ သိန်း ပေးတာကို ကျေးဇူးတင်ရမလိုတောင် ဖြစ်သွားတယ် လုံးဝ မပေးတာထက်စာရင်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ  အောက်တိုဘာလ ၂၃ ရက် မနက် ၈ နာရီခန့်က ဗုံးတစ်လုံး ကျရောက်ပြီး လူ ၅ ဦးခန့် သေဆုံးသွားတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဲဒီ လက်နက်ကြီးဟာ စစ်တွေမြို့က နာမည်ကြီးတဲ့ ရွှေငါးမုန့်တိုက်တည်ရှိတဲ့ အိမ်ရှေ့ ဓာတ်တိုင်နားကို ကျရောက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကျရောက်မှုကြောင့် သေဆုံးသွားသူတွေကိုတော့ ဘယိလောက်ထောက်ပံ့လဲ အတိအကျ မသိးသေးဘူးလို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဲဒါကတော့ အတိအကျ မသိရသေးဘူး။ သေသွားတဲ့လူတွေကို ဘယ်လောက် ထောက်ပံ့လဲဆိုတာကို။ ဘာလို့ဆို အဲဒီနေ့ည ချက်ချင်း င်္သဂြိုလ်လိုက်တယ်ဆိုတော့။ သင်္ဂြိုလ်တာတောင် ခွဲစိတ်ခန်းထဲကနေထုတ်ပြီး ဝန်ကြီးချုပ်ကြည့်ဖို့ လာမှာဖြစ်လို့ ၄ နာရီလောက်မှ သင်္ဂြိုလ်တယ်လို့ သိရပါတယ်။ ဘယ်လောက် ထောက်ပံ့တယ်၊ ဘယ်လောက် ပေးတယ်ဆိုတာတော့ မသိရပါ။ ဆေးရုံမှာ လာပေးတာက ဆေးရုံတက်နေတဲ့ ဒဏ်ရာရနေတဲ့ အမျိုးတွေနဲ့ စကားဆက်မိစပ်ရာ ပြောဖြစ်လို့ သိရတာပါ” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ပတ်လည်က စစ်ကောင်စီရဲ့ အဓိက ကာကင်းစခန်းတွေကို အာရက္ခတပ်တော်က တစ်ခုပြီးတစ်ခု ဝန်းရံသိမ်းပိုက်နေရာ ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိက ရှေ့ထွက်ကာကင်းစခန်း ဖြစ်တဲ့ အမြင့်ကျွန်းဝန်းကျင်က တပ်စခန်းတစ်ခုကို ထပ်သိမ်းလိုက်ကြောင်း သိရပါတယ်။

စစ်တွေ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကိုလည်း စစ်ကောင်စီက ဂျက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေလို့ ရွာ ၁၀ ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ် အမြင့်ကျွန်းဝန်းကျင်မှာ စစ်ကောင်စီတပ်စခန်းတွေ အလွန်နည်းနည်းပဲ ကျန်တော့ပြီး ပါဒလိတ်ဘက် ထွက်ပေါက်ဝမှာ ကျန်နေတဲ့ စခန်းတွေကိုလည်း AA က ဆက်ပြီး ရှင်းလင်းနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပါဒလိတ်တပ်ရင်းပတ်လည်က ငတောက်တက်၊ ဒကစ စစ်တွေအနီး နာရီကန်နဲ့ တောကန်၊ ဆေးတပ်နဲ့ ထောက်ပို့တပ်တို့အနီးက ရေချမ်းပြင်ဝန်းကျင်အပြင် ရွှေမင်းဂံရေတပ်ဝန်းကျင်တို့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေပါတယ်။

AA က စစ်တွေထိုးစစ်အတွင်း အမြင့်ကျွန်းဝန်းကျင်က စခန်း ၃ ခု၊ ရေချမ်းပြင်ဝန်းကျင်က စခန်း ၁ ခုနဲ့ ကံ့ကော်ကျွန်းဝန်းကျင်က စခန်း ၃ ခု အပါအဝင် စစ်ကောင်စီရဲ့ ကာကင်းစခန်း ၁၃ ခုထက်မနည်း သိမ်းပိုက်ထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

Related posts

ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအတွက် သိန်း ၃၂၀ တန်ဖိုးရှိ အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းပေး

Rakhita Times

စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေမှာ တက်တူးစီမံကိန်းနဲ့ ဖမ်းဆီးနေ

Rakhita Times

စစ်တွေမှာ လက်နက်ကြီး အပိုင်းအစတွေ ၂ နေရာမှာ ထပ်တွေ့

Rakhita Times

Leave a Comment