Articels

အာရက္ခအားမာန် ရဲဘော်ကျော်ဟန်

အာရက္ခတပ်တော် ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝပုံရိပ်များ (၂)

__ ___ __

နိုင်ငံရေး အကျဉ်းသား ကိုကျော်ဟန်

__ __ __ __

ဖမ်းဆီးခံရခြင်း ( မှ အဆက်- ၁)

****

(ဌေးဝင်း)

သူတို့မှာ ဂျစ်ကား တစ်စီးပါတယ်။ ဂျစ်ကားနား အရောက်မှာ ငါ့မျက်နှာကို အဝတ်တစ်ခုနဲ့ စည်းနှောင်လိုက်တယ်။ ကားပေါ်ရောက်တော့ နောက်ထပ် တစ်ယောက် နှစ်ယောက် တွေ့တယ်။ ငါက ငုပ်တုပ်ထိုင် လိုက်ရတယ်။ ငါ့ဘေးနားမှာ ငါ့လိုဘဲ တခြားလူလည်း ထိုင်လိုက်လာတာကို လက်နဲ့ စမ်းမိလို့ သိတာ။ ဂျစ်ကား ထွက်လာပြီးနောက် ဘယ်ကို သွားနေသလဲ ဆိုတာကို စိတ်နဲ့ တွေးပြီး ကြည့်တယ်။ သိပ်မကြာခင် မြို့နယ် ရဲစခန်းကို ဝင်တယ်။ ရဲစခန်းမှာ ငါနဲ့အတူပါလာတဲ့ အခြား နှစ်ယောက်ကို ချထားခဲ့တယ်။ ငါ့ကိုတော့ မချဘူး။ ငါက စစ်တွေသား ဆိုတော့ ကားရဲ့ အချိုးအကွေ့တွေကို သတိထားရင်း ကား ဘယ်ကို သွားနေသလဲ ဆိုတာ မှန်းဆကြည့်နေမိတယ်။ မီးစက်ကြီးရှိတဲ့ လမ်းဆုံနား ရောက်တဲ့အထိ စိတ်က သိနေတယ်။ အဲဒီမှာ ကားချိုးကွေ့လိုက်တာနဲ့ ငါ့ကို ထောက်လှမ်းရေး (၁၀) ကို ခေါ်သွားပြီဆိုတာ သိလိုက်ပြီ။ ထောက်လှမ်းရေး (၁၀) ကို ရောက်တာနဲ့ ငါ့ကို အခန်းတစ်ခန်းထဲကို ထည့်လိုက်တယ်။

အဲဒီအခန်းထဲမှာ စားပွဲခုံ တစ်လုံး ရှိတယ်။ ကျန်တာ ဘာမှ မရှိ။ သမံတလင်း ခင်းထားတယ်။ အခန်းထဲရောက်တော့ ငါ့မျက်နှာကို စည်းထားတဲ့ အဝတ်ကို ဖြုတ်ပေးတယ်။ လက်ထိပ်ကိုလည်း ဖြုတ်ပေးပြီး အခန်းထဲမှာ ခဏ ထားခဲ့တယ်။ သိပ်မကြာခင်မှာ ငါ့ကို လက်ထိပ် ပြန်ခတ်ပြီး ထောက်လှမ်းရေး (၁၀) ရဲ့ တပ်မှူး ဗိုလ်မှူး ခင်မောင်အေး ဆီ ခေါ်သွားတယ်။ သူက

“ဟေ့ကောင် ကျော်ဟန် ဒီနေရာကို ရောက်လာပြီဆိုရင် မင်း မမှန်တာကို ပြောလို့ မရဘူး။ မှန်မှန်ကန်ကန် အားလုံးကို ပြောရမယ်။ မင်းဟာ လူငယ်တစ်ယောက် ဖြစ်တယ်။ မင်း လမ်းမှားကို ရောက်နေတာကို ငါတို့က တည့်မတ်ပေးဖို့ပါ။ မင်း လမ်းမှားကို ရောက်နေတဲ့အတွက် မင်းလုပ်ထားတာတွေကို ပြောပြ။ ငါတို့ မေးတာကို ပြော။ အမှန်ကို ပြော”  လို့ ဆိုတော့ ငါက

“မေးပါ။ ရပါတယ်”

သူက စမေးတယ်။

“မင်း ဘယ်ပါတီကလဲ။ မင်းအဖွဲ့နာမည် ဘာလဲ”

အဲဒီအချိန်က ရက္ခိုင်မှာ ရွေးကောက်ပွဲဝင်ဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖွဲ့စည်းထားပြီး ဖြစ်တယ်။ ဒါကြောင့် ငါက

“ကျနော် ဘယ်ပါတီဝင်မှတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်မယ်လို့တော့ စိတ်ကူးထားတယ်” လို့ ငါက ဖြေလိုက်ပြီးတာနဲ့ ငါ့ရဲ့ ဇက်ပိုးကို ဘုန်းကနဲ မြည်သွားအောင် တီးတာကို ခံလိုက်ရတယ်။ တီးလိုက်တဲ့ ကောင်က ဗိုလ်ကြီးစိန်ဝင်းလို့ နောက်မှ ငါသိရတယ်။ ။ သူက

“မင်းကို အဲဒီ တရားဝင် ဖွဲ့စည်းထားတဲ့ မြေပေါ်က ပါတီကို မေးတာ မဟုတ်ဘူးကွ။ မြေအောက်ပါတီကို မေးတာကွ”

“ကျွန်တော် ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး”

“မင်း မညာနဲ့။ မင်းရဲ့ လက်နက်ကိုင် အဖွဲ့အစည်းက ဘယ်အဖွဲ့အစည်းကလဲ ပြော”

“ ကျနော် ဘယ် လက်နက်ကိုင် အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘူး”

အဲသလို ငါက ဘူးချည်းခံပြီး ငြင်းနေတော့ တပ်မှူး ခင်မောင်အေးက ပြောတယ်။

“မင်း ငါတို့ မေးတာကို ကောင်းကောင်း မွန်မွန် ဖြေပါ။ မင်းနားလည်ရမှာက ဒီနေရာကို ရောက်လာပြီ ဆိုရင် ဒီနေရာက အမှန်ကို ဝန်မခံဘဲ မပြောဘဲနဲ့ ပြန်သွားလို့ ရတဲ့ ကောင် တစ်ကောင်မှ မရှိသေးဘူး ဆိုတာဘဲ။ ဒါကြောင့် မင်း ဘယ်လောက်ဘဲ လိမ်ဖို့ ကြိုးစားကြိုးစား ငါတို့မှာ မင်း ပြောလာအောင် လုပ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။ မင်း အသားနာ မခံချင်နဲ့ ပြောပါ”

“ကျွန်တော် ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ ကျွန်တော် ဘာနိုင်ငံရေးမှလည်း မလုပ်ပါဘူး” လို့ ငါက ငြင်းတော့ သူက ဒီမေးခွန်းကိုဘဲ ထပ်မေးတယ်။ ငါကလည်း ဒီအတိုင်းဘဲ ထပ်ဖြေတယ်။ ဒီအခါမှာ သူက

“မင်းနဲ့ ငါ စားပွဲဝိုင်းမှာ စကားပြောလို့ ရမှာ မဟုတ်တော့ဘူး။ ဒီတော့ မင်း ဝန်ခံလာအောင် ငါတို့ နည်းနဲ့ လုပ်ရတော့မှာပေါ့” လို့ ဆိုပြီး သူ့လူတွေကို မျက်ရိပ်ပြလိုက်တယ်။ သူ့တပည့်တွေဟာ ငါ့ကို ပြန်ခေါ်လာပြီး စောစောက ငါ့ကို ထားခဲ့တဲ့ အခန်းကို ပြန်လာ ထားသွားကြတယ်။ ပြီးတော့ အိမ်သာတက်ဖို့ ဂန်ဖလား တစ်လုံး လာထားပေးတယ်။ အချိန်ကတော့ ည နှစ်နာရီလောက် ရှိရော့မယ် ထင်တယ်။ ငါလည်း အခန်းထဲမှာ ရှိတဲ့ စားပွဲခုံပေါ် တက်ပြီး လှဲနေလိုက်တယ်။ သိပ်မကြာခင် အခန်း တခါးကို အုန်းခနဲ မြည်အောင် လာရိုက်ပြီး

“ဟေ့ သူပုန်” လို့ အော်သွားတယ်။

ဘေးနားက အခန်းတွေကို သော့ဖွင့်သံကြားရတယ်။ ရိုက်သံ နှက်သံ အော်သံ ညည်းညူသံ ဆဲသံ ဆိုသံတွေကို ကြားနေရတယ်။ အဲဒီလိုဖြစ်နေတုန်း ဝုန်းဆို သင်္ကြန် ရေပက်သလို ငါလှဲအိပ်နေတဲ့ စားပွဲပေါကို ရေနဲ့ လာပက်သွားတော့ ကုတင်ရော သမံတလင်းရော စိုသွားတော့တယ်။ ငါလည်း ရွှဲသွားတာပေါ့။ အဲဒီလိုနဲ့ မိုးလင်းသွားတာပေါ့။ အဲဒီလိုဘဲ တမနက်လုံး နေနေရတယ်။ မနက် ဆယ်နာရီလောက်မှာ ဗိုလ်ကြီး စိန်ဝင်းဆိုတဲ့ ထောက်လှမ်းရေး အရာရှိက ငါ့ကို လာမေးတယ်။

အပိုင်း (၁) https://www.facebook.com/share/p/1CWxiK8gSn/ တွင် ဖတ်ရှုနိုင်ပါတယ်။

Related posts

ချင်းတွင်းမြစ်ရဲ့ ရေနဲ့ငါးသယံဇာတ ဘာတွေဖြစ်နေလဲ

Rakhita Times

စိုက်ပျိုးရေးတွင် ပင်လယ်ရေနှင့် ဆားကြမ်း အသုံးဝင်ပုံ

Rakhita Times

■ အာရှမှာ တရုတ်ကို ပါဝါညှိမယ့် အမေရိကန်အစီအစဉ် အီရန်စစ်ပွဲကြောင့် မြောင်းထဲရောက်ရပြီ

Rakhita Times

3 comments

Leave a Comment