NewsPolitic

ပြင်ပရောက် ရက္ခိုင်တွေ ဖမ်းခံရတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရခြင်းဟု ပြော

အာရက္ခတိုင်းမ်စ် (၁၅ ဇန်နဝါရီ ၂၀၂၅)

တိုက်ပွဲကြောင့် နေရပ်စွန်ခွာ ထွက်ပြေးလာတဲ့ သူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်ကို ရောက်နေကြတဲ့ ရက္ခိုင်တွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်နေတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ ရက္ခိုင်တိုင်းရင်းသားတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ရန်ကုန် နဲ့ ဧရာဝတီတိုင်းတို့ကို တိမ်းရှောင်လာကြတဲ့ တိုက်ပွဲရှောင်တွေကို စစ်ကောင်စီက အတင်းအဓမ္မ နေရာပြောင်းရွှေ့ခိုင်းတာတွေရှိသလို အရင်ကတည်းက ရန်ကုန်ကို နိုင်ငံခြားသွားဖို့အတွက် သင်တန်းလာတက်နေကြတဲ့ ရက္ခိုင်လူငယ်တွေကိုလည်း ဧည့်စာရင်းကို အကြောင်းပြပြီးတော့ မကြာခဏ ဖမ်းဆီးတာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရက္ခိုင်ဒေသခံတွေက ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတို့ကို ထွက်ပြေးတိမ်းရှောင်နေကြပေမယ့်လည်း အဲဒီနေရာတွေက လုံခြုံတယ်လို့ မယုံကြည်ဘူးဆိုပြီး ရန်ကုန်ကို ရောက်နေတဲ့ ရက္ခိုင်ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဲဒါ မလုပ်ကောင်းတဲ့ အလုပ်။ လူမျိုးရေးအရ ခွဲခြားဆက်ဆံတာ။ ပြည်ထောင်စုစိတ်ဓာတ်၊ ပြည်ထောင်စုကနေ ခွဲထုတ်နေတာလို့ပဲ မြင်တယ်။ ဒီလိုဖြစ်ရပ်တွေက ရှိတယ်။ ရန်ကုန်မှာ ရှိတဲ့သူတစ်ယောက်အနေနဲ့ သိတယ်။ ရက္ခိုင်မှ မဟုတ်ဘူး။ တခြားလူမျိုးတွေလည်း ခံနေရတာ ရှိတယ်။ အဓိကတော့ ရက္ခိုင်ကို လုပ်တာများတယ်။ လတ်တလော ချက်ချင်းသတ်မယ့်နေရာကနေ တဖြည်းဖြည်း ညှင်းပြီး သတ်မယ့်နေရာကို ပြေးကြတာပေါ့။ အဲဒီလိုမျိုးတွေ ရှိတယ်။ လတ်တလော အသက်ရှင်ဖို့အတွက် ရုန်းကန်ရတာပဲ။ ဒီနေရာက ဘေးမဲ့ရာလို့ အခုထိ မယုံကြည်ဘူး။ ကျနော်တို့ စကားပြောမယ်ဆိုရင်လည်း ရှေ့ပြော နောက်ကြည့်ပဲ အဲဒီလို နေနေရတာ။ ဧည့်စာရင်းတိုင်တာလည်း ပေါ့ပေါ့ပါးပါး မဟုတ်ဘူး ရင်တထိတ်ထိတ်နဲ့” လို့ ပြောပါတယ်။ 

စစ်ကောင်စီရဲ့ လမ်းစဉ်က ပြည်သူတွေကို ဆူပူမှုဖြစ်အောင် ဖန်တီးပြီးတော့ ဗမာနဲ့ တခြားတိုင်းရင်းသား လူမျိုးစုတွေကြားကို လူမျိုးရေး ပဋိပက္ခဖြစ်အောင် လုပ်တဲ့ပုံစံ ဖြစ်နေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးလေ့လာတဲ့သူတွေက သုံးသပ်ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက “ အဲဒီလို ဖမ်းဆီးတာတွေ ဖြစ်တဲ့ကိစ္စသည် ဆိုလိုတာက အုပ်ချုပ်တဲ့သူက ပြည်သူကို ဆူပူအောင် လုပ်ပြီးတော့ ဆွပေးပြီးတော့ သူတို့လိုချင်တဲ့ ကစားကွက်ကို ရအောင် ဖန်တီးတာလေ။ အန်ကယ်ကတော့ မကြိုက်ဘူး။ ဒီလိုမျိုး လူမျိုးရေးကို အခြေခံပြီးတော့ သံသယနဲ့ ဖမ်းမယ်၊ ဆီးမယ်ဆိုတာကို မလုပ်ရဘူး။ တကယ်လို့ သူတို့ ဥပဒေကိစ္စရှိတယ်ဆိုလည်း လွတ်လပ်တဲ့ တရားစီရင်မှု လုပ်ပေးလေ။ လွတ်လပ်တဲ့ တရားစီရင်မှုကလည်း သူတို့အောက်မှာ၊ သူတို့လုပ်ချင်သလို လုပ်နေတာ။ နစက စတက်ကတည်းကလည်း မှားတာပဲ။ သူကိုယ်၌က တရားစွဲရမှာ မဟုတ်ဘူး။ ဒီကိစ္စ မှားလား၊ မှန်လား၊ မှားရင် တရားစွဲပေးဆိုပြီး အဲဒီလို လုပ်ရမှာ။ သူကိုယ်တိုင်က တရားစွဲ၊ သူကိုယ်တိုင်က တရားမင်းဆိုတော့ အဲဒီမှာ မတရားမှုက စဖြစ်ပြန်ရော။ အမှန်က လူမျိုးရေးပဋိပက္ခဖြစ်အောင်လို့ကို ဖန်တီးနေတော့တာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင်လည်း ရန်ကုန်က မရမ်းကုန်းနဲ အင်းစိန်မြို့နယ်တွေကို စစ်ကောင်စီ၊ ရဲနဲ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက အလုံးအရင်းနဲ့ ဧည့်စာရင်းဝင်စစ်ပြီး ရက္ခိုင်လူငယ် အယောက် ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Related posts

ပြည်သူလူထုကို ထောက်ထား၍ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိဟု TNLA ထုတ်ပြန်

Rakhita Times

စစ်တွေက ရွာလုံးကျွတ် နှင်ထုတ်ထားတဲ့ အိမ်တွေကို ခိုးယူရောင်စား၊ စစ်ကောင်စီက မျက်ကွယ်ပြုထား

Rakhita Times

ဘင်္ဂါလီတွေကို ရက္ခိုင်ပြန်ပို့ရေးအပါအဝင် AA ကို ဖိအားပေးဖို့ ကုလကို ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ တောင်းဆို

Rakhita Times

Leave a Comment