BusinessNewsPolitic

ဘင်္ဂလားကိုယ်စားလှယ်နဲ့ နယ်စပ်ကုန်သွယ်ရေးကို AA ဆွေးနွေးဖို့လို

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၈ ဖေဖော်ဝါရီ ၂၀၂၅)

အာရက္ခတပ်တော်က ရက္ခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကမြို့ဖြစ်တဲ့ မောင်တောမြို့ကို တိုက်ခိုက် သိမ်းပိုက်ထားတာကြောင့် ကုန်သွယ်ရေးကိစ္စတွေကို ကိုယ်စားလှယ်ဖိတ်ပြီး ဆွေးနွေးဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်မှာ ထိုးစစ်ဆင်ပြီး မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် တရားဝင်အစိုးရ မကြေညာသေးတာကြောင့် သွားရောက်ဆွေးနွေးဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ရက္ခိုင်ပြည်သူနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ကုန်သွယ်မှု အနည်းငယ် ရှိနေတဲ့သဘော တွေ့ရတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ အဲဒါကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ သက်ဆိုင်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူကတော့ အစိုးရတရပ် မဖြစ်သေးတဲ့အခါကျတော့ ဆက်ဆံချင်ရင်လည်း ရတယ်။ မဆက်ဆံချင်လည်း ရသေးတယ်ပေါ့။ အစိုးရတရပ်ဖြစ်မှသာ ရောင်းဝယ်ဖောက်ကားမှု လုပ်ကြတာကိုး။ အခုက AA ကလည်း အစိုးရဘာညာ မကြေညာသေးဘူးလေ။ ဒါပမယ့် ကျနော်ထင်တာကတော့ ရောင်းဝယ်ကုန်သွယ်ရေး မဟုတ်ရင်တောင်မှ ပြည်သူချင်း ရောင်းဝယ်ကုန်သွယ်မှုကတော့ ရှိနေတယ်လို့ ထင်တာပဲ။ အခု သတင်းကြားတာတော့ မောင်တောမှာ အရောင်းအဝယ် ရှိတယ်တဲ့။ အဲဒါက အရင်ကထက်စာရင် ၂၀ ရာခိုင်နှုန်းလောက်ပဲဆိုတော့ အဲဒါက ပြည်သူ ပြည်သူချင်းပဲ အလွတ်သဘော ဆက်ဆံကြတာလားတော့ မသိဘူးပေါ့။ အဲဒီလို ရောင်းဝယ်ဖောက်ကားမှု ရှိတယ်လို့ ပြောသံ ကြားရတယ်။ ကျနော်တို့ကတော့ တိုက်ရိုက်ပေါ့ ဘင်္ဂလားဒေ့ရှ်က ကိုယ်စားလှယ် ဖိတ်ကြားပြီးတော့ ဒေသဆိုင်ရာတွေနဲ့ ဆွေးနွေးတာ ကောင်းပါတယ်” လို့ ပြောပါတယ်။

ရက္ခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးမှာ မောင်တောနယ်စပ်ကုန်သွယ်ရေးနဲ့ စစ်တွေကုန်သွယ်ရေးဆိုပြီး ရှိပေမယ့် မောင်တောက ဘင်္ဂလားဒေ့ရှ်နဲ့ ပိုပြီးတော့ နီးစပ်တာလည်း ဖြစ်ပါတယ်။

စစ်တွေက အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိသေးပေမယ့် မောင်တောက အာရက္ခတပ်တော်က ထိန်းချုပ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးကို တရားဝင်ဖြစ်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ရက္ခိုင်ပြည်ရဲ့ အဓိကထွက်ကုန်ဖြစ်တဲ့ ငါး၊ ပုဇွန်၊ ဂဏန်း စတဲ့ ရေထွက်ကုန်တွေကို ဘင်္ဂလားဒေ့ရှ်ကို တင်ပို့လို့ရမယ့် ဈေးကွက်တစ်ခု ရလာမှာလည်း ဖြစ်ပါတယ်။

ဒါမှပဲ လက်ရှိ ရက္ခိုင်ပြည်သူတွေ ကြုံတွေ့နေရတဲ့ အလုပ်အကိုင် ရှားပါးတာနဲ့ ငွေကြေးအခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်တယ်လို့ အမ်းမြို့ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ အထူးသဖြင့်တော့ ကျနော်တို့ ရက္ခိုင်ပြည်သည် ရက္ခိုင်တစ်မျိုးသားလုံးသည် ရက္ခိုင်ပင်လယ်ထဲက ရေသယံဇာတတွေကို အဓိက လိုအပ်တယ်ပေါ့နော်။ အဲဒီ သယံဇာတတွေ ဈေးကွက်ထဲကို ရောက်ဖို့ဆိုတာက ခက်တော့ ခက်ခဲနေသေးတယ်ပေါ့နော်။ အဲဒါကြောင့်လည်း နည်းလမ်းတစ်ခုအနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ဖြစ်ဖြစ် အိန္ဒိယနဲ့ဖြစ်ဖြစ် ရက္ခိုင်ပင်လယ်ထဲက ထွက်တဲ့ ငါးပုဇွန် ဂဏန်းတွေကို တရားဝင်လမ်းကြောင်းတစ်ခု သွားနိုင်ရင်တော့ ရက္ခိုင်လူထုက အထူးအားကိုးရတဲ့ အားထားရတဲ့ ရေသယံဇာတက ဈေးတစ်ခု ရလာရင်တော့ ရက္ခိုင်လူထုအတွက် အခက်အခဲတွေ အကုန်လုံး ငြိမ်းသွားမယ်ပေါ့နော်။ ကျန်းမာရေးရော၊ ပညာရေးရော၊ နေ့စဉ် အသုံးပြုနေရတဲ့ ရှားပါးနေတဲ့ ငွေရေးကြေးရေး အခက်အခဲတွေ အဲဒီ ပင်လယ်ထဲက ရနိုင်တယ်ပေါ့နော်။ အဲဒီ တရားဝင်လမ်းကြောင်းတွေက မဖြောင့်ဖြူးတဲ့အခါမှာတော့ ကိုယ့်ဒေသကထွက်တဲ့ ရေသယံဇာတတွေက ဈေးအများကြီး မရနိုင်တဲ့ အနေအထားမှာတော့ ရှိနေသေးတယ်ပေါ့နော်။ အဲဒါကိုတော့ ပြင်ဖို့ လိုသေးတယ်လို့ မြင်တယ်ပေါ့” လို့ ပြောပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့ကန့်သတ်တာတွေကြောင့် ရက္ခိုင်ပြည်မှာ အခြေခံစားသောက်ကုန်၊ ဆေးဝါးတွေနဲ့ စက်သုံးဆီတွေ ပြတ်လပ်တာတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် နယ်စပ်ကုန်သွယ်ရေးကို အကောင်အထည်ဖော်နိုင်မှပဲ အဆင်ပြေမယ်လို့ ကုန်သည်တွေက ထောက်ပြပါတယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း မောင်တောမှာ မွတ်ဆလင် လက်နက်ကိုင်တွေ ရှိတာကြောင့် နယ်စပ်ကုန်သွယ်ရေး ဖော်ဆောင်တဲ့အခါမှာ အဖျက်အမှောက် လုပ်ဆောင်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

Related posts

စစ်ကောင်စီဖျက်ဆီးခဲ့တဲ့ တောင်ကုတ်မြို့မြင်ကွင်း

Rakhita Times

ဂွမြို့ကို စကမ ဗုံး ၃ ကြိမ် လာကြဲ၊ အလုံးရေ ၈ လုံးခန့်ရှိ(Breaking News)

Rakhita Times

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးထပ်မံကြီးမည်

Rakhita Times

Leave a Comment