BusinessNewsPolitic

စစ်တွေမှာ မီတာခ အဆမတန် ဈေးကြီးမှာကို လူထုစိုးရိမ်နေ

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆)

၃ နှစ်နီးပါး ကြာပြီးမှ လျှပ်စစ်မီး ပြန်လည် ရရှိလာနေတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ မီတာခ နှုန်းထားတွေ အဆမတန် ဈေးကြီးမှာကို လူထုက စိုးရိမ်နေကြပါတယ်။

လျှပ်စစ်မီးကို ၂၄ နာရီ အချိန်ပြည့် ပေးတာမျိုး မဟုတ်ဘဲ နာရီ အပိုင်းအခြားနဲ့သာ ပေးတာဖြစ်တာကြောင့် အရင်လို မီးမရရှိတဲ့ ကာလကို ကျင့်သားရနေပြီဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မီးတပ်ဖို့ လာတဲ့လူတွေကို မေးကြည့်တာတော့ အဲ့ဒါက ကြာဦးမယ်။ လောလောဆယ်က ကိုယ့်ဘာသာ ဝယ်တပ်ရဖို့။ ကျမတို့က မေးတယ် မီတာခနှုန်းက ဘယ်ဈေးလဲလို့။ ဆိုလိုတာက ကျမတို့က မီးတပ်လိုက်တယ်၊ မီးသုံးလိုက်တယ်။ ကျမတို့ ထင်ထားတာထက် မီတာခက ဈေးကြီးနေရင်ရော။ ကျမတို့မှာ လကုန်ရင် ပေးဖို့ မတတ်နိုင်ရင်ရော။ ကျမတို့မှာ အမျိုးမျိုး စဉ်းစားပြီး အမျိုးမျိုး တွေးရပါတယ်။ မိသားစု စားဝတ်နေရေး အခက်အခဲလို့ တစ်မျိုး၊ အလုပ်အကိုင် မရှိလို့ တစ်မျိုး။ မီတာခ ပေးရဖို့ အကြောင်းတစ်မျိုး လာဖို့ ကျမတို့ တွေးရတာပေါ့။ ကျမတို့ကတော့ လက်ရှိမှာ မီးမရှိရင်လည်း ဆိုလာပြား ထွန်းပြီး နေတယ်။ ထင်းနဲ့ဖြစ်ဖြစ် လောင်စာတုံးနဲ့ ဖြစ်ဖြစ် ထမင်းချက်တယ်ဆိုတာက ကျင့်သားရနေပြီ။ မီးရလို့လည်း ကိုယ်ချက်ချင်တဲ့အချိန်မှာ ရဖို့ မီးမျိုးက ဟုတ်လား၊ မဟုတ်လားက မသိပါ။ ဘာအချိန်မှာ မီးပေးလို့ ဘယ်အချိန်မှာ မီးရမလဲက မသိပါလေ။ မီးရလို့ ထမင်းချက်လိုက်တယ် ဆိုပါတော့ အဲဒီထမင်းအိုးကြောင့် မီတာတွေ မတန်တက်သွားရင် မီတာခ ပေးရမယ့်အချိန် မပေးနိုင်ရင်ရော။ အများကြီး စဉ်းစားရပါတယ်။ ကျမတို့ အိမ်ထောင်ရှင်မ တစ်ယောက်အနေနဲ့ စဉ်းစားရင်ပေါ့။ ကျမတို့မှာ ဝင်ငွေမရှိ၊ အလုပ်အကိုင်မရှိ ဒီအခြေအနေမှာ အများကြီး ပေးရဖို့ဆိုတာမျိုး ကျမလိုမျိုး စဉ်းစားနေကြမယ်လို့ထင်ပါတယ်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တစ်ကျော့ပြန်တိုက်ပွဲ မဖြစ်ခင် မိုခါမုန်တိုင်း တိုက်ခိုက်ခဲ့မှုကြောင့် ၃ နှစ်တိတိ လျှပ်စစ်မီး မရရှိခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ်မီးကို နာရီပိုင်းသာ ပေးတာအစား ထင်း၊ မီးသွေး၊ လောင်စာတို့ကိုသုံးပြီး ချက်ပြုတ် စားသောက်ရတာက ပိုသက်သာပြီး အဆင်ပြေတယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။

“ပြောရမယ်ဆိုရင် ကျမတို့က သုံးလိုက်တဲ့အချိန်မှာ လျှပ်စစ်မီးနဲ့ မသုံးဘဲနဲ့ အခုလို ကိုယ်တို့ အဆင်ပြေသလို ထင်းနဲ့ ဖြစ်ဖြစ်၊ လောင်စာတုံးနဲ့ ဖြစ်ဖြစ်၊ မီးသွေးနဲ့ ဖြစ်ဖြစ် အဆင်ပြေရင် ပြေသလို ဘယ်လိုပုံစံမျိုးနဲ့ သက်သာဖို့လဲ။ သက်သာတဲ့ နည်းနဲ့ ကျမတို့ ချက်ပြုတ် စားသောက်ကြပါတယ်။ အဲဒီ မီးပေးလို့ မီးသွေးလည်း ဝယ်ဖို့မလို၊ သက်လည်း သက်သာတယ် ဆိုရင်တော့ သက်သာပါတယ်။ ထင်းတွေ ရှားနေတဲ့အချိန်မှာ ဒီမီးကို ဝယ်လို့ အလုပ်လုပ်ဖို့ ဆိုရင်တော့ အဆင်ပြေပါဖို့။ ခုနက ပြောသလို မနက် ၈ နာရီ ထိုးတဲ့အချိန် အဲဒီ မီးမရရင်လည်း အဲဒီ မီးကြိုးတက်လာပြီး ပိုက်ဆံ အကုန်ခံလို့ ဘာလုပ်မလဲ” လို့ သူက ပြောပါတယ်။

အလုပ်အကိုင် ရှားပါးပြီး အစစ အရာရာ ဈေးမြင့်တက်နေတဲ့ စစ်တွေမြို့မှာ လျှပ်စစ်မီးကို လိုချင်ပေမယ့်လည်း မီးကြိုးအတွက် ငွေကျပ် တစ်သိန်းကျော် ပေးဝယ်ရမှာမို့ အဆင်မပြေကြဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ လျှပ်စစ်မီး ပြန်လည်ပေးဝေနေကာ အခုလအတွက် မီတာခနှုန်းထား သက်သာခွင့် ပြုတယ်လို့လည်း ကြားသိရပါတယ်။

Related posts

စစ်ကောင်စီ မြေမြှုပ်မိုင်းကြောင့် ကျောက်ဖြူ နဲ့ တောင်ကုတ် ဒေသခံ ၂ ဦး ဒဏ်ရာရ

Rakhita Times

ရက္ခိုင်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ၇ ပေထိ ရှိနိုင်ပြီး ၁ ပတ်လုံး လှိုင်းကြီးနိုင်

Rakhita Times

စစ်တွေဒေသခံတွေကို လိမ်ပြီး မဲပေးနည်း သင်တန်းပေး

Rakhita Times

Leave a Comment