NewsPolitic

MNDAA ဆုတ်ခွာသွားတဲ့ လားရှိုးကို NUG တို့ နေရာယူသင့်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၄ မေလ ၂၀၂၅)

ရှမ်းပြည်မြောက်ပိုင်းမှာ ကိုးကန့်တပ် MNDAA တို့ ဆုတ်ခွာသွားတဲ့ လားရှိုးမြို့ကို NUG တို့ နေရာဝင်ယူသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တရုတ်ရဲ့ ဖိအားပေး ကြားဝင်စေ့ပ်ပေးမှုကြောင့် ကိုးကန့်တပ်တို့ သိမ်းပိုက်ရရှိထားတဲ့ မြို့တွေထဲကမှ လားရှိုးမြို့ကို ဧပြီလ ၂၂ ရက်မှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာပါ။

အဲဒီလို အခင်းအကျင်းကြားမှာ NUG အနေနဲ့ လားရှိုးမြို့ကို နေရာဝင်မယူနိုင်ရင်တောင် TNLA နဲ့ မဟာမိတ်ဖွဲ့ပြီး ယူသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“အမှန်က MNDAA ထွက်သွားတဲ့နေရာမှာ NUG က ဝင်ရမှာ။ NUG က မဝင်နိုင်ရင်တောင် TNLA နဲ့ NUG တို့ မဟာမိတ်ဖွဲ့ပြီး ယူရမှာ။ ‌ဆော်ရီးပဲ။ MNDAA ကလည်း မလွှဲဘူး၊ တရုတ်ကလည်း မလွှဲခိုင်းဘူး။ TNLA ကလည်း ရှိတယ်လို့တောင် မထင်ဘူး။ NUG ကလည်း စိတ်ကူးကို မရှိဘူး။ ဘယ်လိုလုပ် စစ်တိုက်မတုန်း” လို့ သူက ပြောပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ဟာ တရုတ်ရဲ့ကြားဝင်စေ့စပ်ပေးမှုကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ကူမင်းမြို့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး အဆင်မပြေ ဖြစ်ခဲ့ကြရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီ ဒုတိယအကြိမ် တွေ့ဆုံမှုမှာတော့ ယာယီအပစ်အခတ်ရပ်စဲတဲ့ သဘောတူညီချက်ကို ရရှိခဲ့ကြောင်း တရုတ်ဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။

ပြီးတော့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နစက နဲ့ MNDAA တို့ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အခုလို လားရှိုးကနေ ပြန်လည်ဆုတ်ခွာပေးလိုက် ရတာ ဖြစ်ပါတယ်။

အသက်သွေးတွေ အများကြီးနဲ့ ရင်းပြီး ရအောင် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တဲ့ လားရှိုးမြို့ကို ကိုးကန့်တပ်က ဆုတ်ခွာပေးလိုက်ရတာဟာ မလုပ်မဖြစ်တဲ့ ဖိအားတွေ၊ အကြောင်းပြချက်တွေကြောင့် ဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

“ဝေဖန်တာ ထောက်ပြတာတွေကတော့ လွယ်တယ်။ အကောင်အထည်ဖော်ရတာမှာ မလွယ်ဘူး။ နောက် MNDAA ကိုယ်တိုင်ကိုက ဆုတ်ပေးရတယ်ဆိုတာကိုက သူ့မှာ ခိုင်မာသော မလုပ်မဖြစ်သော အဲဒီလိုဟာမျိုး ဖိအားတွေ အကြောင်းပြချက်တွ ရှိတယ်။ သူတို့လည်း အသက်သွေးတွေ အများကြီး ရင်းထားရတာ ဘယ်လိုလုပ် ပေးချင်မလဲ။ ဒါပေမယ့် မဆုတ်လို့ မဖြစ်တဲ့အနေထားမျိုးဆိုတဲ့အခါ ဘယ်ဟာပဲဖြစ်ဖြစ် သူတို့ရဲ့အကျိုးကို လိုလားတဲ့အတွင်းမှာ တချို့ဟာတွေကတော့ ပေးဆပ်စရာရှိရင် ပေးဆပ်ရမယ့် အနေအထားလို့ပဲ ကျနော်ကတော့ နားလည်တယ်။ ဘယ်လိုသိမ်းရင်ရနိုင်တယ်ဆိုတဲ့ ဟာမျိုးကတော့ အကောင်အထည်ဖော်ဖြစ်လာတဲ့အခါမှ ပြောလို့ရမှာပေါ့လေ။ နဂိုကလည်း မှန်းကြတာမှ မဟုတ်တာ။ ၁၀၂၇မှာ နောက်ပိုင်းမှာ ဒီလိုဖြစ်လာမယ်ဆိုတဲ့အနေအထားမျိုး၊ ဒီလိုမျိုး အောင်မြင်မှုရမယ်ဆိုတဲ့ဟာမျိုး မှန်းနိုင်ကြတာမျိုးမှ မဟုတ်တာ။ ဖြစ်လာပြီးတဲ့အခါမှ အကုန်လုံးက အဲဒီအပေါ်မှာ နောက်ကနေပြီး လိုက်ပြောကြတာပဲ ရှိတယ်လေ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် TNLA ဟာလည်း စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဧပြီလ ၂၈ ရက် နဲ့ ၂၉ ရက်တုန်းက ဆွေးနွေးခဲ့ကြပေမယ့် မပြေလည်ခဲ့ကြပါဘူး။

ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက TNLA အနေနဲ့ သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့မှာ ရှိတဲ့တပ်တွေကို တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့တွေဘက်ကို ပြန်ဆုတ်ဖို့ တောင်းဆိုခဲ့လို့ပါပဲ။

ဒါကြောင့် နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့ကို ဩဂုတ်လထဲ ရွေ့လိုက်ကြတာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးဆိုတာဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တို့ ဖော်ဆောင်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းအတွင်းက စစ်ရေးကို ခေါ်ဆိုတာဖြစ်ပါတယ်။

Related posts

စစ်ပညာသင်ပေးခြင်း၊ အကူညီပေးဖြင်းအတွက် အထူးကျေးဇူးတင်ကြောင်း AA ကို BPLA ပြော

Rakhita Times

စစ်တွေမြို့က ထွက်ပြေးတိမ်းရှောင်သွားတဲ့ဒေသခံအချို့ ပြန်ဝင်လာကြ

Rakhita Times

ဗမာ့တပ်တော် တနှစ်ပြည့်အခမ်းအနားကို AA တက်ရောက်ခဲ့

Rakhita Times

10 comments

Leave a Comment