အာရက္ခတိုင်းမ်စ် (၁၂ ဇွန် ၂၀၂၅)
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီးရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ကို AA နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ရက္ခိုင်ရိုးမအစပ် ဂွ – ငသိုင်းချောင်းကားလမ်းမပေါ်ရှိ မြောက်စမ်းကျေးရွာမှာရှိတဲ့ အမတ (၃၄၄) အမြောက်တပ်ကို မနေ့က (၁၁ ဇွန်) ညနေကစပြီး ထိုးစစ်ဆင်နေတာလို့ ငသိုင်းချောင်းမြို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ဂွကနေပြီး ဒီဖက်ကို စစ်ရှောင်လာတာ၊ ပြန်လို့လည်းမရ အခုဆို ကျနော်တို့ တည်းတဲ့အိမ်နားကို ရောက်လာပြီ။ သူတို့တွေ တိုက်ပြီဆိုရင် အိမ်တွေတောင် တုန်တယ်။ ဘယ်ကို ထပ်ပြေးရမလဲတောင် မသိတော့ဘူး။ ကိုယ့်ဆီကိုပဲ ပြန်ချင်တယ်။ စစ်သားတွေက အသွားမခံလို့ မသွားရဘူး” လို့ ဧရာဝတီတိုင်းရောက် ဂွမြို့ စစ်ဘေးရှောင်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အမတ (၃၄၄) အမြောက်တပ်စခန်းဟာ ငသိုင်းချောင်းမြို့ စစ်ဆေးရေးဂိတ်ရောက်ရန် ၂ မိုင်ခန့်သာလိုတော့ပြီး ငသိုင်းချောင်းမြို့ ဒေသခံအများအပြားဟာ နေရပ်စွန့်ခွာသွားနေကြပြီလို့လည်း သိရပါတယ်။
“ နှစ်ရက်လောက်ရှိပြီ။ ဒီကနေကို လက်နက်ပစ်သံတွေ ကြားနေရတာ။ စပါးတွေလည်း မကြိတ်ရသေးဘူး။ ဒါတွေ ထားပြီး ထွက်ပြေးပြန်ရင်လည်း စားဖို့ သောက်ဖို့က ခက်ခဲပြီ။ အခုအနေအထားကတော့ ဆုတ်လည်းဆူး၊ စားလည်းရူး အခြေအနေပဲ” လို့ ငသိုင်းချောင်မြို့ လယ်ယာလုပ်ကိုင်သူ ၁ ဦး က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သာပေါင်းမြို့နယ်နဲ့ ရက္ခိုင်ရိုးမကြား၊ ဧရာဝတီနဲ့ ရက္ခိုင်ပြည်အစပ်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းအစပ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်

27 comments