NewsPolitic

နတ်ရေကန်စခန်းက စကမရဲ့တပ်ဖွဲ့ဝင် ၃ဦး (CDF – Asho) ထံ အလင်းဝင်

အာရက္ခတိုင်းမ်စ် (၂၄ ဒီဇင်ဘာ ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းအနီး စစ်ကော်မရှင်ရဲ့ရှေ့တန်းက တပ်ဖွဲ့ဝင် ၃ဦး ဟာ (CDF – Asho) ထံ အလင်းဝင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှိုက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကော်မရှင်ရဲ့ ရှေ့တန်းစစ်မြေပြင်က တပ်သား သုံးဦးဟာ ဒီဇင်ဘာလ ၁၄ ရက် နဲ့ ဒီဇင်ဘာ ၁၉ ရက်မှာ လက်နက်ခဲယမ်းများနဲ့အတူ ဘက်ပြောင်း အလင်းဝင် ပူးပေါင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

ဘက်ပြောင်း အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ( ၃ ) ဦးရဲ့ ထွက်ဆိုချက်များအရ “ရှေ့တန်းစစ်မြေပြင်တွင် အထက်တပ်မှူးများရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ နေ့စဉ်နဲ့အမျှ တပ်မှထွက်ပြေးရန် ကြိုးစားလျှက်ရှိနေကြတယ်” လို့ (CDF – Asho) က ဆိုပါတယ်။

စစ်ကော်မရှင်ဟာ စစ်မှုမထမ်းမနေရဥပဒေကို ခုတုံးလုပ်ကာ မြန်မာနိုင်ငံအနှံ့မှ လူငယ်များကို တပ်သားသစ်စုဆောင်းပြီး တိုက်ပွဲများ ဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်များသို့ ပိုဆောင်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းခံရပြီး အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီး စစ်မြေပြင်မှ လူငယ်များအနေနဲ့ ချင်းကာကွယ်ရေးတပ် – အရှိုထံသို့ ဘက်ပြောင်းလိုပါက အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်းရဲ့ အသက်နဲ့ လုံခြုံမှု ရရှိစေရေးကို ချင်းကာကွယ်ရေးတပ် – အရှိုမှ အာမခံကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အဆိုပါ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပေါ် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအတွက် အဓိကဖြစ်တဲ့ ဂုတ်ကြီးစခန်းအနီးမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကော်မရှင်တို့အကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂုတ်ကြီးကျေးရွာက အစိတ်အပိုင်း တချို့ကို စစ်ကော်မရှင်က သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာတော့ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Related posts

စစ်တွေလေယာဉ်လက်မှတ် ၁၀ သိန်းအထိ ရောက်နိုင်

Rakhita Times

သက်ငယ်မုဒိန်းကျူးလွန်သူကို အမြန်ဆုံးအရေးယူပေးရန် ရ.က.သ တောင်းဆို

Rakhita Times

AA နဲ့ တွေ့ဆုံဆွေးနွေးဖို့ Chinland Council ကြိုးစားနေ

Rakhita Times

4 comments

Leave a Comment