NewsPolitic

လူထုက အာဏာသိမ်းတာရော စစ်ပွဲတွေကိုရော မဖြစ်စေချင်

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၈ ဇွန် ၂၀၂၅)

၄ နှစ်ကျော်ကြာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ လူထုအနေနဲ့ အာဏာသိမ်းတာရော စစ်ပွဲတွေ ဖြစ်နေတာ ကိုရော ငြီးငွေ့နေကြပြီး မဖြစ်စေချင်တော့ဘူးလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင် လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးနဲ့ စစ်ရေး ပဋိပက္ခတွေအတွင်း လူထုကသာ အများကြီး နစ်နာကြောင်းလည်း သူက ပြောပါတယ်။

“လူထုတွေက အများကြီးနစ်နာတယ်။ လူထုကလည်း အခုလိုဖြစ်တာကို မကြိုက်ဘူး။ အထူးသဖြင့် အာဏာသိမ်းတာကို မကြိုက်ဘူးဆိုပေမယ့် တစ်ဖက်မှာ စစ်တိုက်နေတာကိုလည်း သူတို့က အီနေကြပြီ မဖြစ်စေချင်တော့ဘူး။ ဒါတွေကို ကျနော်တို့က ဝိုင်းပြီးတော့မှ လူထုရဲ့ ဆန္ဒကို အလေးပြုဖို့ လိုပါလိမ့်မယ်။ လူထုရဲ့ ဆန္ဒကို တကယ်အလေးပြုပြီးတော့မှ လုပ်တယ်ဆိုရင် မျှော်မှန်းထားတဲ့ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကနေတဆင့် ဆက်လက်တည်ဆောက်ရမယ့် ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံဆိုတာ အနှေးနဲ့အမြန်ဖြစ်လာမှာပါ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီ အုပ်ချုပ်တဲ့ ၄ နှစ်ကျော်ကာလအတွင်းမှာ သူ့ကိုဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား မြန်မာနိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် တိုက်ပွဲဖြစ်ပွားတဲ့ ဒေသအများစုဟာ တိုင်းရင်းသားတွေနေထိုင်တဲ့ နေရာဒေသတွေပဲဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ တိုက်ပွဲရှောင်တွေထဲမှာလည်း တိုင်းရင်းသားတွေ အဓိက အများဆုံးဖြစ်ပါတယ်။

တိုင်းရင်းသားတွေဟာ ခေတ်အဆက်ဆက် အစိုးရလက်ထက်တိုင်းမှာ သူတို့ရဲ့အခွင့်အရေးတွေကို ဘာတစ်ခုမှ မရခဲ့ကြတာကြောင့် လက်နက်ကိုင်ကာ ရယူနေကြခြင်းဖြစ် ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့အခါမှာတော့ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေက ပိုမိုများပြားလာတဲ့အတွက် နယ်မြေတွေကို ရသလောက် တိုက်ခိုက်သိမ်းပိုက်လာနေတာပါ။

မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ တိုင်းရင်းသားအရေးဟာ အဓိကဖြစ်ပြီး တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင် ခဲ့တာကြောင့် ပဋိပက္ခနဲ့ ပြည်တွင်းစစ်တွဟာ လက်ရှိအချိန်အထိ ဖြစ်ပေါ်နေတာဖြစ်ကြောင်း NCA ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ NCA-S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တိုင်းရင်းသားအရေးက အဓိကဖြစ်တာပေါ့။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်လို့ ပင်လုံစာချုပ်ကို အကောင်အထည်မဖော်နိုင်လို့ ပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေက ဖြစ်လာတယ်။ ကျနော်တို့ ၁၉၄၇ ဖွဲ့စည်းပုံဆိုရင် တစ်ပြည်ထောင်စနစ်ကိုပဲ အသားပေးထားပြီးတော့ ပြည်ထောင်စုစနစ်ကို ပစ်ပယ်ထားတယ်။ အဲဒါကြောင့် အဲဒီနေ့ကစပြီး တိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ ပဋိပက္ခပေါ့ ဗဟိုအင်အားစုနဲ့ပေါ့။ အခုကြတော့ ဗဟိုအင်အားစု Burma community ကိုယ်တိုင်က ပြိုကွဲလာတဲ့အခါကြတော့ သူတို့အချင်းချင်းလည်းပြန်ဖြစ်၊ တိုင်းရင်းသားတွေနဲ့လည်းဖြစ်။ အဲဒီလို နှစ်ထပ်ကွမ်းပဋိပက္ခဖြစ်လာတာပေါ့” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) အပါအဝင် စစ်စခန်းပေါင်း ရာချီ ဆုံးရှုံးထားရသလိုမြို့နယ်ပေါင်း ၉၀ ကျော်လက်လွှတ်ထားရတာပါ။

အဖက်ဖက်ကနေ ရှုံးနိမ့်နေတဲ့ စစ်ခေါင်းဆောင်ဟာ လာမယ့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့မှာ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတော်အာဏာကိုလွှဲပြောင်းပေးသွားမယ်လို့ နိုင်ငံတကာကို ကတိကဝတ်ပြုပြောကြားတာဖြစ်ပါတယ်။

Related posts

စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အမ်းတွင် ဒေသခံပြည်သူ ၂၀ ခန့် သေဆုံး

Rakhita Times

မောင်တောတွင် AA တပ်ဖွဲ့ဝင်တဦး အသ-တ်ခံရ

Rakhita Times

စစ်ကောင်စီထိန်းချုပ်တဲ့ အလုပ်ရှင်တွေဟာ အလုပ်သမားတွေကို ဖိအားပေးခိုင်းစေမှု မြင့်တက်

Rakhita Times

7 comments

Leave a Comment