NewsPolitic

လူထုအထိနာနေတဲ့အတွက် မြို့သိမ်းတိုက်ပွဲ အဆုံးအဖြတ် အဖြေတစ်ခုထွက်ဖို့လို

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၁၀ ဇွန် ၂၀၂၅)

ရက္ခိုင်ပြည်တွင် တစ်နှစ်ကျော်ကြာ တကျော့ပြန်တိုက်ပွဲအတွင်း လူထုအထိနာနေပြီဖြစ်တဲ့အတွက် အာရက္ခတပ်တော်ရဲ့ မြို့သိမ်းတိုက်ပွဲ အဆုံးအဖြတ် အဖြေတစ်ခု ထွက်ဖို့လိုတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်အနေနဲ့ သိမ်းပိုက်ဖို့ကျန်ရှိတဲ့ မြို့နယ် ၃ ခုထဲကမှ တရုတ်စီမံကိန်းတွေ တည်ရှိရာ ကျောက်ဖြူကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေမှုဟာ အချိန်ကာလ ကြာမှာမဟုတ်ကြောင်း သူက ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က “အခြေအနေအရကတော့ မြို့သိမ်းဆိုတာကတော့ တပ်တွေကတော့ မြို့ကို ရံထားတဲ့ဟာမျိုးပေါ့။ အဓိကကတော့ သူတို့ရဲ့ အကျိုးစီးပွားကတော့ မြို့ကိုဆိုတာထက် အဲဒီမှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ရံထားတဲ့ဟာမျိုး။ ကျနော့်အနေနဲ့ မြင်ရတာ ခန့်မှန်းရတာပေါ့လေ။ သိပ်တော့ ကြာလိမ့်မယ် မထင်ဘူး။ ဒီဟာတော့ အဖြေတစ်ခုခုကိုတော့ ထွက်ဖို့လိုတယ်။ ဘာလို့ဆို ပြည်သူတွေလည်း နာလှပြီပေါ့။ စစ်ပွဲတွေရှိနေတဲ့အတွင်းမှာ။ ဒီတော့ မြန်မြန် ထပ်သိမ်းနိုင်ဖို့အတွက်လည်း သူတို့ အားထုတ်နေတယ်လို့ နားလည်တယ်။ သိမ်းပိုက်ပြီးတဲ့အခါမှာ နောက်ထပ်တဆင့်မှာ နိုင်ငံရေးအရ စကားပြောတာတွေ၊ ကျ‌နော်တို့ပြည်ကို ကာကွယ်ဖို့အတွက် လုံခြုံရေးကို ဘယ်လိုလုပ်မလဲဆိုတဲ့ အပေးအယူတွေ ဒါမျိုးတွေကတော့ ဖြစ်လာလိမ့်မယ်လို့ နောက်ပိုင်းမှာ မျှော်လင့်တယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

AA အနေနဲ့ မေလ ၂၂ ရက်က ရက္ခိုင်ဒေသအတွင်းမှ နေရပ်စွန့်ခွာဖို့ အားထုတ်ကြိုးပမ်းနေတဲ့ ဒေသနေ ပြည်သူတွေကို အသိပေးတားမြစ်ချက် ထုတ်ပြန်တဲ့အထဲမှာ မပြီးပြတ်သေးတဲ့ မြို့သိမ်းတိုက်ပွဲတွေကို အကန့်အသတ်နဲ့ ဆင်နွှဲနေရတယ်လို့ ပါရှိပါတယ်။

ဘာကြောင့်ဆို ကျန်ရှိတဲ့ မြို့နယ် ၃ ခုမှာ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်း၊ တရုတ်ရဲ့ စီမံကိန်းတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

တရုတ်အနေနဲ့ သူ့နယ်စပ် အနီးပတ်ဝန်းကျင်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာပဲ ဖိအားပေးလို့ရပေမယ့် AA ရဲ့ စီးပွားရေး အခြေခံအဆောက်အအုံတွေဟာ ‘ဝ’ နဲ့ မိုင်းလားတို့မှာ ရှိတာကြောင့် တရုတ်ရဲ့ဖိအား ရှိနေတာဖြစ်တယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“တရုတ်ရဲ့ဖိအားကတော့ ဒီလိုဗျ ကျမသိသလောက်ပေါ့။ သူက စားပွဲပေါ်မှာတင်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့တော့ တောက်လျှောက် ပြောနေတာပဲလေ။ အဲဒါကို နည်းနာပေါင်းစုံနဲ့ တွန်းတော့ တွန်းပို့နေတာပေါ့။ ဖိအားလို့ ပြောလို့လည်းရတာပေါ့။ ဥပမာ MNDAA တို့ ဘာတို့မှာ နယ်စပ်က ဖြတ်တောက်လိုက်တာတို့ ဘာတို့ အဲဒါ ဖိအားလို့လည်း ပြောလို့ရတာပေါ့။ တကယ်တော့ သူက စေ့စပ်ဆွေးနွေးရေး စားပွဲပေါ်ကို တွန်းပို့နေတာပဲလေ။ စစ်ကောင်စီကိုလည်း တွန်းပို့နေတာပဲ။ အဲဒါအတွက် ဖြေးဖြေးချင်း သူဆက်လုပ်လိမ့်မယ်ထင်တယ် ကြည့်ရတာ။ တရုတ်ကပေးနိုင်တဲ့ ဖိအားက သူ့နယ်စပ်မှာသာ ဖြစ်တာကို။ AA ကို ခုနကပြောတဲ့ ဖိအားပေးတယ်ဆိုတာက AA က သူ့စီးပွားရေး အခြေခံ အဆောက်အအုံတွေက ‘ဝ’ တို့ မိုင်းလားတို့မှာ ရှိတာ။ အဲဒါကြောင့် တရုတ်ရဲ့ဖိအားကို ရနေတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ မေလအထိ AA အနေနဲ့ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့တို့မှအပ ပလက်ဝ အပါအဝင် မြို့ပေါင်း ၁၅ မြို့ကို ထိန်းချုပ်ထားနိုင်ပါတယ်။

ဒါ့ပြင် AA က အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်မှ ၂၅ နှစ်အထိအမျိုးသမီးများ၊ အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ အမျိုးသားများအပေါ် ရက္ခိုင်ပြည်ထဲက ထွက်ခွာခွင့် ပိတ်လိုက်ကြောင်း ထုတ်ပြန်ထားပါသေးတယ်။

Related posts

အာဏာသိမ်းပြီးနောက် ရက္ခိုင်ပြည်သူ ၇၀၀ ကျော် သေဆုံး၊ ၃၀၀ ကျော် ဖမ်းဆီးခံရဆဲလို့ AAPP ဆို

Rakhita Times

မောင်တောမြို့‌ပေါ်ကို ရွေးတုအစိုးရ အသေခံဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဒေသခံတွေပြော

Rakhita Times

AA ရဲ့ ဒရုန်းကြောင့် စစ်တွေက စကမ တပ်သား ၂၀ ခန့် သေဆုံး

Rakhita Times

1,071 comments

Leave a Comment