NewsPolitic

စစ်တွေမှာ Mytel အင်တာနက်နဲ့ MyID တစ်ခုသာ သုံးလို့ရ

အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၅)

အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ အကြမ်းဖက် စစ်တပ်ပိုင်တဲ့ Mytel ဆင်းမ်ကဒ်ရဲ့ အင်တာနက်နဲ့ MyID software သုံးလို့ရနေကြောင်း စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

MyID software ဟာ Mytel ဖုန်းနံပါတ်နဲ့ ဖွင့်ရတာဖြစ်ပြီး ဗီဒီယိုတွေ၊ သတင်းတွေကို အင်တာနက်ဖွင့်ထားရုံနဲ့ ကြည့်ရှု၊ ဖတ်ရှုလို့ ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်တခြား လူမှုကွန်ရက်မီဒီယာတွေကိုတော့ အသုံးပြုလို့ မရဘူးလို့ သိရပါတယ်။

Mytel အင်တာနက်နဲ့ MyID သုံးရာမှာလည်း စစ်တွေမြို့မှာတော့ အမြဲတမ်း နေ့တိုင်း သုံးလို့ရတာမျိုး မဟုတ်သလို တခါတလေ ညဘက် ၁၂ နာရီ ၊ ၁ နာရီလောက်မှပဲ သုံးလို့ရတာ ဖြစ်တယ်လို့ စစ်တွေ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ပြီးလို့ရှိရင် MyID software ရှိတဲ့ လူအချင်းချင်း ဖုန်းပြောလို့ရတယ်။ message ပို့လို့ရတယ်။ video call ကြည့်လို့ရတယ်လို့ တချို့လူတွေ ပြောတာပေါ့နော်။ များသောအားဖြင့် လူငယ်တွေပေါ့။ လူငယ်တွေက အဲဒီ software ထည့်ပြီးတော့ video call နဲ့ စကားပြောတာ၊ message ပို့တာ ရတယ်လို့တော့ ပြောတယ်။ ကိုယ်တွေကတော့ အဲဒီလိုမျိုး ဖုန်းပြောတာ၊ message ပို့တာတော့ မလုပ်ဖူးသေးဘူး။ အဲဒီဟာနဲ့ဆို YouTube ကို ကြည့်လို့ရတယ်။ ပြီးရင် video ကြည့်လို့ရတယ်။ MyID တစ်ခုပဲရတာ။ Facebook တို့ ဘာတို့တွေလည်း သုံးလို့မရဘူး” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို အကြမ်းဖက်စစ်တပ်က ဖြတ်တောက်ထားခဲ့ပြီး MPT နဲ့ Mytel ဆင်းမ်ကဒ်တွေပဲ ဖုန်းလိုင်း ရရှိခဲ့တာပါ။

အဲဒီနောက် အာရက္ခတပ်တော်ရဲ့ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာချိန်နှင့်အတူ မိုခါမုန်တိုင်းတို့ကြောင့် ဆက်သွယ်ရေးတိုင်တွေ ပြိုလဲပျက်စီးခဲ့ရတဲ့အတွက် ဖုန်းလိုင်းတွေဟာ ပြတ်တောက်သွားခဲ့ပြီး MPT တခုတည်းသာ ဖုန်းလိုင်း ပြန်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာပဲ Mytel ဆင်းမ်ကဒ်တွေ ဖုန်းလိုင်း ပြန်ရခဲ့တာဖြစ်ပြီး အင်တာနက်လိုင်းကတော့ သုံးလို့ မရခဲ့ပါဘူး။

ရက္ခိုင်ပြည်က ဒေသခံလူထုတွေဟာ အင်တာနက်လိုင်း အသုံးမပြုရတာ ကာလကြာရှည်နေပြီ ဖြစ်တာကြောင့် လူငယ် လူရွယ်တွေဟာ အင်တာနက် အသုံးပြုနိုင်ဖို့ ရှာဖွေကြရင်း အခုလိုမျိုး တွေ့ခဲ့ကြတာ ဖြစ်တယ်လို့ စစ်တွေ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“စစ်တွေက လူတွေက လိုင်းမသုံးရတာ ကြာပြီဆိုတော့ အဲဒီလိုမျိုး လုပ်လို့ရတဲ့ဟာတွေ ရှာကြံပြီးတော့ ရှာဖွေကြတယ်လေ ကလေးတွေ လူငယ်တွေပေါ့။ အဲဒီလို ရှာကြံပြီးတော့ လူငယ်တွေကနေ တဆင့် ဒီလိုကနေ ဒီလို လုပ်လို့ရတယ်။ ဒါသုံးလို့ရတယ်ဆိုရင် ကိုယ်တွေက အဲဒီဥစ္စာတွေကို Zapya ကနေ ကူးပြီးတော့ install လုပ်ပြီးတော့ သုံးကြည့်တာ” လို့ သူက ပြောပါတယ်။

စစ်တွေမြို့ဟာ အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့် လေကြောင်းလိုင်း တစ်ခုကိုသာ ဖွင့်ထားတာကြောင့် ဒေသခံလူထုဟာ အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေး အဆင်မပြေမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်တွေကို ခံစားနေကြရတာပါ။

Related posts

စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်မှာ စကမက ဒရုန်းဗုံးကြဲမှုတွေ ပိုလုပ်လာနေ

Rakhita Times

ဘောမိတိုက်ပွဲတွင် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ပုသိမ်တွင် ဆေးကုပေးနေ

Rakhita Times

ရက္ခိုင်ပြည်က နေရာနှစ်ခုကို စကမ ဗုံးကြဲ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

Rakhita Times

Leave a Comment