အာရက္ခတိုင်းမ်စ် (၃ အောက်တိုဘာ ၂၀၂၅)
ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်ရဲ့ အာရက္ခဒေသက ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၂၀၂၅ ခုနှစ် စက်တင်ဘာလ တစ်လတည်းမှာကိုပဲ အာရက္ခပြည်သူ ၂၃ ဦးသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ တစ်လတာအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင် (စကမ) ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့တဲ့ အာရက္ခဒေသမှ အပြစ်မဲ့အရပ်သားပြည်သူတွေရဲ့ စာရင်းကို မနေ့က စက်တင်ဘာ ၂ ရက်နေ့မှာ အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်ပြန်ရာမှာ ခုလို ဖော်ပြထားပါတယ်။
သေဆုံးသူ ၂၃ ဦးထဲမှာ အမျိုးသား ၁၉ ဦးနုဲ့ အမျိုးသမီး ၄ ဦးဖြစ်ပြီး ဒဏ်ရာရသူ ၄၉ ဦးထဲမှာတော့ အမျိုးသား ၂၉ ဦး နဲ့ အမျိုးသမီး ၂၀ ဦး ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နဲ့ “အမြင်သစ်” ကိုယ်ပိုင်အထက်တန်းစာသင်ကျောင်းတွေကို စကမ က လေကြောင်းကနေ ဗုံးကြဲတိုက််ခိုက်ခဲ့တာကြောင့် ကျောင်းသူ/သား ၂၀ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်မှာ သံတွဲမြို့ကို ဂျက်ဖိုက်တာနဲ့ (၂) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် အပြစ်မဲ့ ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အလားတူ စက်တင်ဘာ ၂၉ ရက်နေ့မှာ စကမ က ပလက်ဝမြို့ကို ဂျက်ဖိုက်တာနဲ့ (၃) ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီး ၂ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
အကြမ်းဖက်စစ်ကော်မရှင်ဟာ စက်တင်ဘာ တစ်လအတွင်းမှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်က ကျောက်တော်၊ သံတွဲနဲ့ ချင်းပြည်နယ်က ပလက်၀တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တွေကနေ ရသေ့တောင်ကိုလည်း လက်နက်ကြီးတွေ ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

11 comments