NewsPolitic

မောင်တောမှာ ARSA ထောင်ထားတဲ့ မိုင်းကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၂ ယောက် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၆ အောက်တိုဘာ ၂၀၂၅)

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် မောင်တောမြို့မှာ အကြမ်းဖက် စစ်သွေးကြွ လက်နက်ကိုင် ARSA တပ်ဖွဲ့ရဲ့ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ မောင်တောမြို့နယ် လက်သာရပ်ကွက်က အသက် ၉ နှစ်အရွယ် မွတ်ဆလင်ကလေးငယ် ၁ ဦး ARSA ထောင်ထားခဲ့သော မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရခဲ့ပြီး အဲဒီနေ့ နံနက်ပိုင်းမှာ ခရီးသွားပြည်သူ ၃ ဦးကို ARSA လက်နက်ကိုင် တပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦးမှာ ဒဏ်ရာရရှိခဲ့ပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်း စကမနဲ့ ARSA လက်နက်ကိုင်တို့ ထောင်ထားတဲ့ မိုင်းကြောင့် လက်သာရပ်ကွက်က ဘာဆူဘကျေးရွာက အဖ မာမောက်ဆလင်ရဲ့သား ဆွေယောဒ်နူရ်မှာ နေအိမ်ခြံဝန်းထဲ ဆော့ကစားနေစဥ် မြေမြှုပ်မိုင်းကြောင့် မွတ်ဆလင်ကလေးငယ် ဆွေယောဒ့်နူရ်မှာ ညာဘက်ခြေထောက်နဲ့ ညာလက်မတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အလားတူ အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းမှာ တောင်ပြိုကျေးရွာကနေ အောင်သာယာကျေးရွာကို ကုန်ပစ္စည်းတွေနဲ့အတူ ဆိုင်ကယ်နဲ့ သွားတဲ့ ခရီးသွားပြည်သူ ၃ ဦးကို ARSA လက်နက်ကိုင် တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦးမှာ ဒဏ်ရာရရှိခဲ့ပါတယ်။

လိပ်ရခွဆုံနဲ့ သာယာကုန်းကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် ကိုမင်းထွန်းအောင်မှာ ညာဘက်နဖူး ဒဏ်ရာရရှိခဲ့ပါတယ်။

ARSA တပ်ဖွဲ့ဝင်တွေဟာ မိုင်းဆွဲတိုက်ခိုက်တဲ့အပြင် သေနတ်ပစ်ခတ်တာတွေလည်း ပြုလုပ်ခဲ့တာကြောင့် ခရီးသွားပြည်သူတွေ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ နောက်ဆုံးအပတ် နယ်စပ်မှတ် ၅၆ နဲ့ ၅၇ တို့ကြားမှာ ARSA နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဲဒီတိုက်ပွဲအတွင်း လမ်းမှာတွေ့တဲ့ တမန်းသားရွာနဲ့ ဒုံးညိုရွာက အပြစ်မဲ့အရပ်သားပြည်သူ ၁၀ ဦးကို ARSA က ဖမ်းဆီးသွား​ခဲ့ပါတယ်။

အဲဒီအထဲက အရပ်သား ၆ ဦးရဲ့ ရုပ်အလောင်းတွေကို မောင်တောမြို့နယ်၊ အထက်အင်းချောင်းရွာက ငှက်ပျောတောအုပ်ထဲမှာ စွန့်ပစ်ထားခဲ့တဲ့ အရည်ပျော်ပြီး အရိုးစုတွေပဲကျန်တဲ့ ရုပ်ပျက်ဆင်းပျက် အနေအထားနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်သွေးကြွ ARSA နဲ့ RSO တို့က ဘူးသီးတောင်၊ မောင်တောဒေသမှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ လုံခြုံရေးတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်နေကြပြီး အသွားအလာ အထူးသတိထားကြဖို့ကိုလည်း အာရက္ခတပ်တော် AA က တိုက်တွန်းထားပါတယ်။

Related posts

မိဘသဘောမတူလို့ မင်ပြားမှာ LGBT စုံတွဲ တံတားပေါ်ခုန်ချ အဆုံးစီရင်

Rakhita Times

ငွေကြေးအလွဲသုံးစားလုပ်လို့ သံတွဲ ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ တိုင်ကြားခံရ

Rakhita Times

ပုဏ္ဏားကျွန်းက နေရာသုံးခုကို စကမ တိုက်ခိုက်မှုကြောင့် ၅ ဦး သေ၊ ၉ ဦး ဒဏ်ရာရ

Rakhita Times

Leave a Comment