BusinessNewsPolitic

ငွေကြေးအလွဲသုံးစားလုပ်လို့ သံတွဲ ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ တိုင်ကြားခံရ

အာရက္ခတိုင်းမ်စ် (၁၁ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ချမှတ်ထားတဲ့ မူဝါဒနဲ့ စည်းမျဥ်းတွေကို သွေဖယ်ပြီး အသင်းရန်ပုံငွေကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်ထားတယ်ဆိုပြီး ကုန်သွယ်ရေးအသင်းရဲ့ အသင်းသူ အသင်းသားတွေက တိုင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။

သံတွဲမြို့မှာ ဖြစ်ပေါ်နေတဲ့ ပြည်သူတွေ ခက်ခဲကြပ်တည်းတာ၊ ကုန်စည်ရှားပါးပြီး ဈေးနှုန်းမြင့်တက်တာ၊ စီးပွားရေး ရပ်ဆိုင်းနေတာတွေကို ပြေလည်စေဖို့အတွက် သံတွဲမြို့နယ် ကုန်သွယ်ရေးနဲ့ ကုန်သည်အသင်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ အဖွဲ့ဝင် ၂၆ ယောက်နဲ့ ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။

အသင်းရဲ့ မတည်ငွေအဖြစ် အသင်းသား ၁ ယောက်ကို ကျပ် သိန်း ၂၀ နဲ့ ထည့်ဝင်ခဲ့ကြပြီး နောက်ပိုင်းမှာ အသင်းဝင် ၆၂ ယောက် ရှိလာပြီး မတည်ငွေကလည်း ကျပ်သိန်းပေါင်း ၁၂၄၀ အထိ ရှိလာခဲ့ပါတယ်။

အဲဒီနောက် အသင်းဝင်တွေရဲ့ နောက်ထပ် အစုရှယ်ယာခေါ်တာတွေကြောင့် အသင်းရဲ့ ရံပုံငွေဟာ ကျပ်သိန်းပေါင်း ၃၄၀၀ အထိ ရှိလာခဲ့ပါတယ်။

အဲဒီငွေတွေကို အသင်းရဲ့ ဘဏ္ဍာရေးမှူးလက်ထဲကို မအပ်တဲ့အပြင် အသင်းသားတွေရဲ့ သဘောဆန္ဒမပါဘဲ အသင်းဥက္ကဋ္ဌက သူ့မိသားစုရဲ့ အကျိုးစီးပွားအတွက် ငွေလွှဲ ငွေထုတ် လုပ်ငန်းတွေကို အခကြေးငွေနဲ့ စီးပွားရေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် အသင်းရဲ့ လုပ်ငန်းတွေ ရပ်နေပြီး အသင်းနဲ့ ပြည်သူအတွက် အကျိုးအမြတ်မရှိဘဲ သူ့တစ်ယောက်ရဲ့ စီးပွားရေးကသာ တစ်စတစ်စ တိုးတက်လာနေတာကို တွေ့ရပါတယ်။

အဲဒီလုပ်ရပ်တွေအပြင် ရသေ့တောင် ကုန်သည်အသင်း ဥက္ကဋ္ဌ လာတုန်းက ဓာတ်ဆီ ၆၄ ပေပါကို အသင်းရဲ့ ပိုက်ဆံ ကျပ်သိန်း ၁၁၀၀ နဲ့ ဝယ်ယူခဲ့ပေမယ့် စာရင်းရှင်းတမ်းမှာ မပါခဲ့ပေ။

အသင်းရဲ့ စည်းမျဥ်းအရ ၄ လ တစ်ကြိမ် ရှင်းရမယ့် ငွေစာရင်းရှင်းတမ်းတွေကိုလည်း အချိန်မှီ မတင်ပြနိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလရဲ့ စာရင်းကို ၂၀၂၅ ခုနှစ် မတ်လမှသာ ပြပြီး ၂၀၂၅ ခုနှစ် ဧပြီလစာရင်းကို လက်ရှိအချိန်ထိ တင်ပြလာနိုင်ခြင်းလည်း မရှိသေးပါဘူး။

စာရင်းရှင်းတဲ့အချိန်မှာလည်း ကုန်ပစ္စည်းကို ဘယ်အချိန်ကာလမှာ ဘယ်ဈေးနှုန်းနဲ့ ဝယ်ယူခဲ့ပြီး အသင်းအတွက် အကျိုးအမြတ် ဘယ်လောက်ကျန်တယ်ဆိုတာကို ပွင့်လင်းမြင်သာမှု မရှိဘူးလို့ သိရပါတယ်။

ကုန်သွယ်ရေးအသင်းသားတွေက ဥက္ကဋ္ဌရဲ့ လုပ်ရပ်ကို သဘောမကျတာကြောင့် ထည့်ဝင်ထားတဲ့ ငွေတွေကို ပြန်ထုတ်ဖို့ တောင်းပေမယ့် အသင်းက ထုတ်ပယ်မှာဖြစ်ပြီး ထည့်ဝင်ထားတဲ့ ကျပ်သိန်း ၂၀ လည်း ဆုံးရှုံးမယ်လို့ ဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့ကြောင့် ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ချမှတ်ထားတဲ့ မူဝါဒနဲ့ စည်းမျဥ်းတွေကို သွေဖယ်ပြီး အသင်းရန်ပုံငွေကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်ထားတယ်ဆိုပြီး ကုန်သွယ်ရေးအသင်းရဲ့ အသင်းသူ အသင်းသားတွေက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ သံတွဲခရိုင်တရားရုံးကို တိုင်ကြားခဲ့တာပဲ ဖြစ်ပါတယ်။

Related posts

ပလက်ဝဒေသခံတွေ လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်သားစုဆောင်းခံရမှာ စိုးရိမ်နေ

Rakhita Times

AA ထောက်ပို့ ဗိုလ်ယက္ခလို့ ခေါ်ဆိုနေသူဟာ အတာ ဆိုသူဖြစ်ပြီး တရားခံပြေးသာဖြစ်တယ်လို့ ဦးခိုင်သုခပြော

Rakhita Times

တောင်ကုတ်မှာ လုံခြုံရေးကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်

Rakhita Times

410 comments

Leave a Comment