အာရက္ခတိုင်းမ်စ် (၁၀ အောက်တိုဘာ ၂၀၂၅)
ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် အာရက္ခတပ်တော် AA ကို မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းအဖြစ် စစ်ကော်မရှင်က စွပ်စွဲထားပါတယ်။
အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ဖြန့်ဖြူးရာမှာ စီစဥ်ညွှန်ကြားသူ အနေနဲ့ စွပ်စွဲထားပြီး ဗိုလ်မှူးအဆင့်ရှိတဲ့ ဗိုလ်မှူး ကျော်မြတ်ဦး (ခ) ဝေသာထွန်းကို သယ်ယူပို့ဆောင် ရောင်းချရေးတာဝန်ခံ၊ ဒုဗိုလ်အဆင့် ၃ ယောက်နဲ့ နောက်ထပ် တပ်ဖွဲ့ဝင် ၃ ယောက်ကိုလည်း တိုင်းရင်းသားနယ်မြေတွေကနေ မန္တလေး၊ မန္တလေးကနေ ရန်ကုန်နဲ့ ရန်ကုန်ကနေ ရက္ခိုင်ကို သယ်ဆောင်ပေးတဲ့ တရားခံအနေနဲ့ စစ်ကော်မရှင်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာ သံတမန်ဆက်ဆံရေး ဖြတ်တောက်စေဖို့အတွက် စစ်ကော်မရှင်က အာရက္ခတပ်တော် AA ကို မူးယစ်ဆေးမှောင်ခိုအဖွဲ့အဖြစ် ပုံဖော်နေတာ အာရက္ခတပ်တော်ရဲ့ ပုံရိပ်ကျဆင်းအောင် ဖန်တီးလုပ်ယူနေတာ ဖြစ်တယ်လို့ အာရက္ခတပ်တော် AA စစ်ဦးစီချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မှာ ဖမ်းဆီးရရှိခဲ့တဲ့ မလေးရှားနိုင်ငံကို ပို့မယ့် ကျပ်ဘီလျံ ၁၇၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးနဲ့ သယ်ဆောင်သူ ၁၆ ဦးထဲမှာ အာရက္ခတပ်တော် AA အဖွဲ့ဝင်တွေပါဝင်နေတယ်ဆိုပြီး စစ်ကော်မရှင်က ထုတ်ပြန်ထားသလို ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကလည်း မလေးရှားနိုင်ငံကို ပို့ဆောင်မယ့် ကျပ်ဘီလျံ ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးခဲ့ရာမှာလည်း အာရက္ခတပ်တော် AA ထောက်ပို့တွေ ပါဝင်နေတယ်ဆိုပြီး စွပ်စွဲထားပါသေးတယ်။
စက်တင်ဘာလ နောက်ဆုံးအပတ်ကလည်း အာရက္ခတပ်တော် AA ရဲ့ ရက္ခိုင်ပြည်နဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်ဖြန့်ဖြူးရောင်းချမယ့် ကျပ် ၁၉၅ ဒသမ ၈၅ လီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ အခုအချိန်အထိ အာရက္ခတပ်တော် AA နဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၁၆ ကြိမ် ရှိခဲ့ပြီး ကာလတန်ဖိုး ကျပ် ၁၂၃၃ ဒသမ ၆၇ ဘီလျံအထိ ဖမ်းဆီးရမိခဲ့တယ်လို့ စကမ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါသေးတယ်။
အာရက္ခတပ်တော် AA ဟာ အဖွဲ့ရပ်တည်ရေးနဲ့ လက်နက်ခဲယမ်းအတွက် မူးယစ်ဆေးဝါး ရောင်းဝယ်နေတယ်လို့ စစ်ကော်မရှင်က စွပ်စွဲထားပေမယ့် အာရက္ခတပ်တော် AA ရဲ့ ရပ်တည်ရေးနဲ့ လက်နက်ခဲယမ်းအတွက် မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက အောက်တန်းကျ လူညွန့်တုံးစေတဲ့လုပ်ရပ်ကို ဘယ်တော့မှမလုပ်ဘူးလို့ မီဒီယာတွေမှာ တုံ့ပြန်ထားတာ ရှိပါတယ်။

9 comments