NewsPolitic

မဟာမိတ် ၂ ဖွဲ့ အပစ်ရပ်လို့ ရက္ခိုင်ပြည်သူ ပိုမို အထိနာလာနိုင်

အာရက္ခတိုင်းမ်စ် (၅ နိုဝင်ဘာ ၂၀၂၅)

ညီနောင်မဟာမိတ် ၃ ဖွဲ့အနက် ၂ ဖွဲ့မှာ စစ်ကော်မရှင်နဲ့ အပစ်ရပ်လိုက်တဲ့အတွက် ရက္ခိုင်ပြည်သူတွေအနေနဲ့ ပိုမို အထိနာလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်ဟာ စစ်ကော်မရှင်နဲ့ ဇန်နဝါရီလမှာ စတင်အပစ်ရပ်ခဲ့ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ဟာလည်း အောက်တိုဘာလ ၂၉ ရက် သန်းခေါင်အချိန်မှစတင်ကာ အပစ်ရပ်တော့မယ်လို့ ကြေငြာခဲ့တာပါ။

“ ကျနော်က အခုလို့ ဘာလို့ပြောရလဲဆိုတော့ မအလက သူအတွက်က လူတန်းစား ၂ မျိုးပဲရှိတယ်လို့ သတ်မှတ်ထားတာ၊ တခုက စစ်တပ်ထောက်ခံတဲ့သူ၊ နောက်တခုက စစ်တပ်မထောက်ခံတဲ့သူ။ စစ်တပ်ထောက်ခံရင် သူက ကာကွယ်ပေးမယ်။ စစ်တပ်မထောက်ခံရင် သူပုန်ပဲ။ သူ့အတွက် ပြည်သူမဟုတ်ဘူး။ အဲတော့ စစ်တပ်မထောက်ခံတဲ့ နေရာတွေကို ဗုံးကြဲတာဟာ ပြည်သူတွေနေရာက်ို ကြဲတာမဟုတ်ဘူး။ သူပုန်တွေရှိလို့ ကြဲတာလို့ သူက သူ့လူတွေကို အမြဲပြောတာ” လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ တအာင်းတပ်နဲ့ အပစ်ရပ်ပြီးနောက်တနေ့တွင် ရက္ခိုင်ပြည်က မြို့နယ် ၅ မြို့နယ်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရှမ်းမြောက်ဒေသမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်ဟာ တအာင်းတပ်နဲ့ အပစ်ခတ်ရပ်စဲမှု ပြုလုပ်ပြီးနောက်မှာ စစ်ဆင်ရေးနယ်မြေ ကျုံ့သွားတာကို အခွင့်ကောင်းယူပြီး အာရက္ခတပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာတွေအပြင် အာရက္ခပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေတာ ဖြစ်တယ်လို့ အာရက္ခတပ်တော်ကလည်း ထုတ်ပြန်ထားပါတယ်။

“ သူတို့က(စကမ) လုပ်မှာ။ အရင်က မြောက်ပိုင်းအဖွဲ့က ၃ နေရာဆို ၃ နေရာခွဲနေရတယ်။ အခုက ၂ နေရာလျော့သွားပြီဆိုတော့ ရက္ခိုင်ကို ပိုမဲလာမှာ သေချာပါတယ်။ ပြည်သူတွေအနေနဲ့ အင်မတန် သတိထားပြီး နေထိုင်ကြရမယ့် ကာလပါပဲ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်ပြီးနောက် ညီနောင်မဟာမိတ်သုံးဖွဲ့အနက် ရက္ခိုင်ပြည်ထဲက နယ်မြေအများစုကို သိမ်းပိုက်ထားနိုင်တဲ့ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ ဆက်လက် တိုက်ပွားနေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပနိုင်

Rakhita Times

ရက္ခိုင်က ရေဘေးသင့် ပြည်သူတွေကို အရေးပေါ်အကူအညီ တိုးမြှင့်ပေးရန် HDCO တိုက်တွန်း

Rakhita Times

ရက္ခိုင်ပြည်အတွင်းရှိ ဆေးခန်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန စစ်ဆေးနေ

Rakhita Times

7 comments

Leave a Comment