NewsPolitic

ဆရာ ဝေဟင်အောင်နဲ့အဖွဲ့က မြောက်ဦးဆေးရုံဖြစ်စဉ်အတွက် ကျပ်သိန်း ၄၁၀၀ လှူဒါန်းပေးခဲ့

အာရက္ခတိုင်းမ်စ်(၁၈ ဒီဇင်ဘာ ၂၀၂၅)

ဆရာ ဝေဟင်အောင်နဲ့အဖွဲ့က မြောက်ဦးဆေးရုံဖြစ်စဉ်အတွက် ဒီကနေ့ (ဒီဇင်ဘာ ၁၈ ရက်)မှာ ကျပ်သိန်း ၄၁၀၀ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ နိုင်ငံရေး၊အုပ်ချုပ်ရေး ဌာနတွေနဲ့ HDCO ကတဆင့် ဓာတ်မှန်စက် ( X Ray ) စက်၊ ဆေးပေါင်းအိုး အပါအဝင် ဆေးပဒေသာပင်အတွက် ပါထည့်ဝင်လှူဒါန်းပေးအပ်ခဲ့ပြီး သေဆုံးထိခိုက်လူနာတွေအတွက်လည်း လှူဒါန်းခဲ့တယ်လို့ ဆရာ ဝေဟင်အောင်က ဆိုပါတယ်။

“ အလှူငွေက လက်ရှိစာရင်းချုပ်တာ သိန်း ၅၁၀၀ ပတ်ဝန်းကျင်လောက် ရတယ်ဗျ ။ကျွန်တော် အင်တာဗျူးဖြေတဲ့အချိန်လောက်ထိ။ဒီအထိက လောလောဆယ် ကျွန်တော် သိန်း ၄၁၀၀ ကို လွှဲအပ်လှူဒါန်းလိုက်တယ်။ဒီမှာ ဆေးရုံမှာ အရေးပေါ်လိုအပ်တဲ့ ဓာတ်မှန်ပေါ့။ X Ray စက် ၃လုံးရယ် တစ်လုံးကို ၇၀၀ နဲ့ သိန်း ၂၁၀၀။ ပြီးရင် အဲ့မှာဆေးပေါင်းအိုးဆိုတာရှိတယ်။ ခွဲစိတ်ခန်းတွေမှာသုံးတဲ့ပေါင်းအိုးပါ။ အဲဒါအတွက်ကျရင် တစ်လုံးကို ၃၃ သိန်းလောက်နဲ့ ၃လုံးစာအတွက် သိန်း ၄၀၀။ ကျန်းမာရေးပစ္စည်းပြန်ထည့်တာက သိန်း ၂၅၀၀ ဖိုးလောက်ရှိပါတယ်။ ဆေးပဒေသာပင်ဆိုတာတစ်ခုရှိတယ်။ ဆေးဝါးနဲ့ပတ်သက်ပြီးကျန်းမာရေးဌာနကသူတို့လုပ်ထားတဲ့အပိုင်းပေါ့။ အဲ့မှာ သိန်း ၅၀၀လောက် မတည်ပေးလိုက်တယ်။သေဆုံးသွားတဲ့လူနာ တစ်ဦးကို ၁၀သိန်း နဲ့ သိန်း ၃၃၀၊ ထိခိုက်ဒဏ်ရာရတဲ့ လူ ၇၇ဦးအတွက် တစ်ဦးကို ၁၀သိန်းနဲ့ သိန်း ၇၇၀ စုစုပေါင်း သိန်း ၄၁၀၀ ဒီနေ့ ကျန်းမာရေးဌာနရယ် HDCOရယ်၊ နိုင်ငံရေးဌာန၊ အုပ်ချုပ်ရေးဌာနတွေကို ကျွန်တော်လွှဲအပ်လိုက်တယ်ခင်ဗျ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဆရာဝေဟင်အောင်က အလှူငွေကို လေးရက်တာလှုပ်ရှားမှုအနေနဲ့ ပြုလုပ်ကောက်ခံခဲ့တာဖြစ်ပြီးပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ထည့်ဝင်မှုနဲ့အတူ တဆင့်ပြန်လည်လှူဒါန်း‌ပေးတာဖြစ်တယ်လို့ဆိုပါတယ်။

“ ဘာဖြစ်လို့ဆိုရင် ဒီမှာလူနာတွေက တနေရာတည်းမှာစုထားတာမဟုတ်ဘူး။ ပျံ့ကြဲသွားကြတယ်။ တချို့ကမိမိရွာတွေကိုပြန်သွားကြတယ်ပေါ့။ တချို့ကလည်းဆေးကုရမှာကြောက်သွားကြတယ်။ အဲဒါကြောင့် ကျွန်တော်ကတနေရာချင်းကိုလိုက်ပြီးကူညီဖို့ဆိုတာ ကျွန်တော့်အနေနဲ့သိပ်မဖြစ်နိုင်ဘူး။ လက်လှမ်းဝေးတဲ့အတွက်ဒီလိုအုပ်ချုပ်ရေးပိုင်းနဲ့ညှိနှိုင်းတိုင်ပင်ပြီးစီစဉ်ပေးရတာဖြစ်ပါတယ်။ ဒီအလှူငွေတွေအကုန်လုံးကပြည်တွင်းပြည်ပက၇ရက်သားသမီးတွေ စုပေါင်းပြီးလှူထားတဲ့အလှူကို ကျွန်တော်က ကြားကနေ လက်ခံပြီး တဆင့်ပြန်လှူတာ ဖြစ်ပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်တပြည်လုံးရဲ့ အားကိုး၊ အားထားရာ ဆေးရုံ ဖြစ်တဲ့ မြောက်ဦးဆေးရုံကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၀) ရက် ည ၉ နာရီ (၁၃) မိနစ် အချိန်မှာ စကမရဲ့ လေတပ်က ဂျက်ဖိုက်တာတစီးနဲ့ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာ‌ကြောင့် ဆေးရုံပင်မဆောင်ကြီး၊ ခွဲစိတ်ကုသဆောင်၊ ခွဲစိတ်ခန်းမ၊ အရိုးဆောင်၊ ဆေးဂိုဒေါင်၊ ဆေးရုံဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ယာများ အပါအဝင် ဆေးရုံတခုလုံးနီးပါး ထိခိုက် ပျက်စီးခဲ့ရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖြစ်စဉ်‌ကြောင့် ဆေးကုသနေတဲ့ လူနာ ၃၃ ဦး သေဆုံးခဲ့သလို ၇၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့‌တယ်လို့ HDCOကထုတ်ပြန်ထားပါတယ်။

Related posts

စကမ ရဲ့ ကပစ ၆ ကို AA ထိုးစစ်ဆင်၊ ကာကင်းအချို့ သိမ်းပိုက်ရရှိ

Rakhita Times

MNDAA လားရှိုးက ဆုတ်ခွါမည့်ကိစ္စ တရုတ်ဖိအားကြောင့်လား

Rakhita Times

ကျောက်နီမော် ပြည်သူများကို AA စားနပ်ရိက္ခာထောက်ပံ့

Rakhita Times

7 comments

Leave a Comment