ArticelsLife StylePolitic

၅ နှစ် သမီးနဲ့ စစ်ကြောရေး

မော့ဂျေ ရေးသည်

ဟေ့ဟေ့ ဟေ့ အဲ့မှာ မလုပ်နဲ့။ လုပ်လို့မရဘူးလေ။ ကလေးတွေရှေ့မှာ မလုပ်ခိုင်းဘူးလေ”

စစ်သားတယောက်က ပြေးလာပြီး ပြောတယ်။

မိသားစုက အကြီးမလေးလို့ ခေါ်ကြတဲ့ အသက် ၅ နှစ်အရွယ် ငြိမ်း (အမည်လွဲ) ဆိုတဲ့ ကလေးမလေးဟာ သူ့အမေကို သေဒဏ်ပေးခံရတဲ့ အကျဉ်းသားတွေလို ခေါင်းကို အဝတ်မဲအိတ်ကို စွပ်၊ လက်နဲ့ ခြေထောက်ကို တွဲချည်ထားတဲ့ အကျဉ်းသား ခြေကျင်း – ဒေါက် ကို စစ်သားတွေက ဝတ်ဆင်ပေးနေတာကို ထိတ်လန့်စွာနဲ့ ကြည့်နေခဲ့တယ်။

သူဟာ မိခင်ဖြစ်သူနဲ့အတူ စစ်ကောင်စီ စစ်ကြောရေး စခန်းရဲ့ အခန်းကျဉ်းထဲမှာ ၉ ရက်နီးပါး အတူ စစ်ဆေးခံခဲ့ရတာပါ။ သူတို့ စစ်ဆေးခံနေရတဲ့ အခန်းရဲ့ တဖက်ခန်းမှာတော့ ၃ နှစ်အရွယ် ဗမာစကားမပြောတတ်တဲ့ သူ့ရဲ့ ဝမ်းကွဲညီမလေးနဲ့ အဒေါ်ဖြစ်သူတို့ဟာလည်း စစ်ဆေးခံနေရပါတယ်။ အခြားအခန်းတွေမှာတော့ ဖခင်ဖြစ်သူနဲ့ မိတ်ဆွေတွေဟာလည်း ညှင်းပန်းနှိပ်စက် စစ်ဆေးခံနေရတာကို တချက်တချက် ထွက်လာတဲ့ နာကျင်တဲ့ အော်သံတွေကြောင့် သူ သိနေခဲ့ပါတယ်။

ကလေးတွေရှေ့မှာ ဒီလို နှိပ်စက် ညှင်းပမ်းတာတွေကို မလုပ်ရဘူးဆိုတဲ့ မူရှိပေမယ့် ငြိမ်းကတော့ အဲဒီ မြင်ကွင်းတွေကို အသေးစိတ် မြင်တွေ့ ကြားသိ နေခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်

အဲ့ဒီနေ့ မနက်ပိုင်းကတော့ ငြိမ်းအတွက် သာမန် နေ့ရက်လေး တရက်လိုပဲ။ ဖခင်ဖြစ်သူက အလုပ်သွားမယ်ဆိုပြီး ထွက်သွားခဲ့ပါတယ်။ အိမ်မှာ ကျန်ခဲ့တဲ့သူက နယ်ကနေ ရောက်လာတာ ရက်ပိုင်းပဲရှိသေးတဲ့ ဝမ်းကွဲညီမလေးနဲ့ ကစားနေခဲ့ပါတယ်။ အမေနဲ့ အဒေါ်ဖြစ်သူက အိမ်အလုပ်တွေလုပ်ရင်း သူတို့နဲ့အတူ ရှိနေခဲ့ပါတယ်။ ညီမလေးရဲ့ ဖေဖေက ငြိမ်းရဲ့ ဖေဖေနဲ့ ညီအစ်ကို အရင်းတွေဖြစ်ကြပါတယ်။

သူတို့အားလုံး အိမ်မှာ အတူတူရှိနေချိန် အပြင်မှာ အလုပ်သွားလုပ်နေတဲ့ ငြိမ်းရဲ့ဖေဖေဆီက  ဖုန်းခေါ်တဲ့အတွက် ဦးလေးဖြစ်သူက ကွမ်းဝယ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်ထွက်သွားခဲ့ပါတယ်။ ဦးလေးဖြစ်သူ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ သူတို့နေတဲ့ အင်းစိန်ကမ်းနားလမ်းရပ်ကွက်ရဲ့ လမ်းကြားလေးထဲမှာ ရိုက်နှက် ဆဲဆို အော်ဟစ် ကြိမ်းမောင်းသံတွေ ဆူညံ လာပါတော့တယ်။

သိပ်မကြာပါဘူး။ သေနတ်တွေနဲ့ စစ်သားတွေဟာ ငြိမ်းတို့အိမ်ပေါ်ကို တက်လာပြီး ဆော့ကစားနေတဲ့ သူတို့ ညီအစ်မရှေ့မှာပဲ အမေတွေကို သေနတ်တွေနဲ့ ဝိုင်းချိန်ပြီး သိမ်းထားတာတွေထုတ်၊ ဘာညာနဲ့ စပြီး ကြိမ်းမောင်းတော့တာပါပဲ။

စစ်တပ်အာဏာသိမ်းတာ တော်လှန်တယ်ဆိုပြီး စစ်ခြင်ထောင်ကျတော့ ထောင်အိပ်တယ်ပေါ့။ ငါ . . . တွေ” ဆိုပြီး စစ်သား ငါးယောက် ခြောက်ယောက်လောက်ဟာ ယုတ်ယုတ်ကန်းကန်း အော်ဆဲသလို သေနတ်နဲ့ ချိန်ထားသူက ချိန်ထားပြီး ကျန်တဲ့သူတွေက တအိမ်လုံး ရှိသမျှ ဆွဲလှန်ပစ်ချပြီး မွှေနှောက် ရှာဖွေပါတော့တယ်။

အသက် ၅ နှစ်အရွယ်သာရှိတဲ့ ငြိမ်းနဲ့ သုံးနှစ်အရွယ် ညီမလေးတို့ဟာ သူတို့ အမေတွေရဲ့ ရင်ခွင်ထဲမှာ နေရင်း သူ့မိခင်နဲ့ အဒေါ်ဖြစ်သူတို့ကို စစ်သားတွေက သေနတ်နဲ့ ထောက်ထားပြီး ကြိမ်းမောင်းနေတာတွေကို ကြည့်ရင်း အသံကျယ်ကျယ် မထွက်ရဲဘဲ တုန်တုန်ရီရီနဲ့ ငိုကြွေးနေခဲ့ကြပါတယ်။

သူတို့ ရှာနေတာတွေ မတွေ့တော့ စစ်သားတွေက ငြိမ်းရဲ့ အမေကို သေနတ်နဲ့ချိန်ပြီး “မင်းယောကျ်ားကို ဖမ်းထားပြီ။ သိမ်းထားတာတွေ အကုန်ထုတ်” လို့ ပြောတာကိုလည်း သူ့ကို ကျစ်ကျစ်ပါအောင် ဖက်ထားတဲ့ အမေ့ရင်ခွင်ထဲကနေ ငြိမ်းတယောက် သေသေချာချာ ကြားနေခဲ့ပါတယ်။

အမေက သူဘာမှ မသိလို့ အဖေ့ကို ဖမ်းထားတယ်ဆိုရင် ဖုန်းဆက်ခွင့်တော့ ပေးပါလို့ အတတ်နိုင်ဆုံး ပြေပြေလည်လည်ဖြစ်အောင် သေနတ်ချိန်ထားလို့ တဆတ်ဆတ် တုန်ယင်နေတဲ့ကြားက အားတင်းပြောနေခဲ့တာကိုလည်း အမေ့ရင်ခွင်ထဲက သူ ခံစားခဲ့မိပါတယ်။

သေနတ်ချိန်ပြီး ဘယ်လိုပဲ ကန်ကျောက် ဆဲဆိုနေပါစေ ငြိမ်းကို မထိအောင် ဖက်ပြီး ဝပ်နေရင်း အမေက အဖေနဲ့ စကားပြောခွင့်ပေးဖို့ပဲ တောင်းဆိုခဲ့တာကြောင့် အချိန်တခုကြာတော့ “ဖုန်းဆက်ပေးမယ်။ ပြီးရင်တော့ ကျနော်တို့နဲ့ ပူးပေါင်းပေးပါ” ဆိုပြီး ပြောတဲ့အသံကို ကြားရပြီးတဲ့နောက် အမေ့ကို လုပ်နေတာတွေ ရပ်သွားတယ်။ အဲ့ဒီ ခပ်ချောချော စစ်သားကြီးကြောင့် ငြိမ်းတို့ မိသားစုလေးယောက် ကြမ်းပြင်မှာ ကောင်းကောင်း ထိုင်လို့ ရခဲ့တယ်။

ခဏနေတော့ စပီကာဖွင့်ထားတဲ့ ဖုန်းထဲကနေ အဖေ့အသံ ကြားရပြီး အမေ့ကို ဘယ်နေရာက ဘယ်ဟာ ထုတ်ပေးလိုက်ပါလို့ ပြောသံ ကြားရတယ်။ အမေက ငြိမ်းကို အဒေါ်နဲ့ ညီမလေးဆီ တွန်းပို့ပြီး သူကတော့ အဖေ ပြောတဲ့ ပစ္စည်းကို သွားယူပေးတယ်။ အမေ့လက်ထဲမှာ ပါလာတဲ့ ပစ္စည်းကို ယူပြီးတာနဲ့ စစ်သားကြီးက ဓာတ်ပုံတွေရိုက်ပြီး အမေနဲ့ အဒေါ် ကို လက်ထိပ်ခတ် ခေါင်းစွပ်ပြီး ခေါ်သွားဖို့ ပြောတယ်။

ခဏနေတော့ ခုဏက သေနတ်တွေနဲ့ ဆူပူခဲ့တဲ့ စစ်သားတွေအပြင် အိမ်အပြင်က စစ်သားတွေရော ပတ်ပတ်လည်နဲ့ ငြိမ်းတို့ သားအမိလေးယောက် အိမ်ကနေ လမ်းကြားတလျှောက် လမ်းလျှောက်ပြီး စစ်ကားပေါ်ကို တက်လိုက်ခဲ့ရတယ်။ ငြိမ်းတို့ တမိသားစုလုံးမှာ ကွမ်းယာဝယ်ဖို့ အပြင်ထွက်သွားတဲ့ ဦးလေးတယောက်ပဲ လွှတ်မြောက်ခဲ့တာပါ။

အခန်းက အေးပြီး ပူတယ် 

ငြိမ်းတို့ အဖမ်းခံရတဲ့ နေ့လည်ကနေ ကားအကြာကြီး စီးပြီးတော့ အုတ်တံတိုင်း အရှည်ကြီး ကာထားတဲ့ နေရာတခုထဲကို ဝင်သွားတယ်။ မျက်နှာချင်းဆိုင် အခန်းသေးသေးလေးတွေရှိတဲ့ အခန်းတွေ ရှိတဲ့နေရာကို ရောက်တော့ ကားပေါ်က ဆင်းခိုင်းတယ်။ ပြီးတော့ အဲ့ဒီထဲက အပေါက်သေးသေးလေးပါတဲ့ အဝင်တံခါးတခုကိုဖွင့်ပြီး ငြိမ်းနဲ့ အမေက တခန်း၊ အဒေါ်နဲ့ ညီမလေးက တခန်း နေခိုင်းတယ်။

 ငြိမ်းတို့ နေရတဲ့ အခန်းတွေမှာ လူဝင်လို့ရတဲ့ တံခါးတခုပဲ ရှိတယ်။ အခန်းမှာ မီးတလုံးထွန်းပြီး အုတ်နံရံတွေ ချည်းပဲ။  အခန်းထဲက နံရံမှာ ကင်မရာတွေ အပြည့်ပဲ။ အထဲရောက်တာနဲ့ ကြမ်းပြင်မှာထိုင်ပြီး အမေနဲ့ ငြိမ်းကို သူတို့က မေးကြတယ်။ ငြိမ်းကို ကျောင်းတက်ပြီလား။ အဖေနဲ့ အမေက ဘာလုပ်လဲ။ ဘယ်သွားလဲ။ အိမ်မှာ ဘာရှိလဲ။ အိမ်မှာ ဘယ်သူတွေနေလဲဆိုပြီး စုံနေအောင် မေးတာပါပဲ။ အမေ့ကိုကျတော့ အများကြီး မေးတယ်။

 သူတို့မေးတာ အမေက မဖြေတိုင်း ရိုင်းရိုင်းစိုင်းစိုင်း ဆူပူကြိမ်းမောင်းယုံမကဘူး လက်တွေ ခြေတွေနဲ့လည်း ရွယ်ခဲ့ကြတယ်။ “အမေ့ကို မရိုက်ပါနဲ့လို့” အမေ့ကိုဖက်ပြီး ငြိမ်း ငိုခဲ့တော့ ကလေးရှေ့မှာ မရိုက်နှက်ချင်ဘူးဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ယုတ်ယုတ်မာမာတွေ ဆူပူအော်ဟစ်ပြီး ထွက်သွားလိုက်။ နောက်တယောက် ဝင်လာပြီး မေးလိုက် ဆဲဆိုပြီး ထွက်သွားလိုက်နဲ့ တယောက်ပြီး တယောက်ပဲ။

ကောင်းကောင်းမေးတဲ့ စစ်သားဦးဦးတွေကိုတော့ ငြိမ်းက မူကြိုတက်နေတဲ့အကြောင်း၊ ကျောင်းပိတ်ထားတဲ့ အကြာင်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အဖေရယ်၊ အမေရယ်၊ ညီမလေးတို့ မိသားစုရယ်၊ အဖေ့ သူငယ်ချင်း ဦးဦးတွေရယ်နဲ့ ရွှေတိဂုံဘုရား သွားခဲ့တဲ့အကြောင်း၊ ကစားကွင်းမှာ ကစားခဲ့တဲ့ကြောင်းတွေ ဖြေခဲ့တယ်။ အဲ့ဒီလူတွေကိုဆို အမေကလည်း ကောင်းကောင်း ပြောတယ်။ သူတို့က အမေ့ကိုရော ငြိမ်းကိုရော ကောင်းကောင်းမေးပြီး မဆဲကြဘူး။

ငြိမ်းတို့ကို အချိန်တော်တော်ကြာတိုင်း သူတို့ ထမင်းကျွေးတယ်။ ဆန်က မဖြူဘူး။ အထဲမှာ မည်းမည်းလုံးလုံးတွေပါပြီး အနံ့လည်း နည်းနည်းထွက်တယ်။ ထမင်းမှာ တခါတည်း ပါလာတဲ့ဟင်းကတော့ ဘာတွေမှန်း မသိဘူး။ အမေကတော့ သမီးရေ ဗိုက်အဆာပြေအောင် နည်းနည်းတော့စား။ မုန့်လည်း စားစရာမရှိဘူး။ နေမကောင်းလည်း ဖြစ်လို့ မရဘူး။ သမီးရော အမေရော နေကောင်းမှ အဖေ့ကို တွေ့ရမှာလို့ ပြောတယ်။

ငြိမ်း အမေပြောတဲ့အတိုင်း လိမ်လိမ်မာမာ နေပါတယ်။ ရေသောက်ချင်ရင်၊ ရှူးရှူးပေါက်ချင်ရင် တံခါးမှာပါတဲ့ အပေါက်လေးကနေ အမေက အော်အော်ပြီး ပြောရတယ်။ နောက်ကျတော့ အိပ်ဖို့ဆိုပြီး တော်တော်လေး နံစော် ညစ်ပတ်တဲ့ အိပ်ယာခင်း၊ စောင်နဲ့ ခေါင်းအုံးတစုံ လာပို့တယ်။ အခန်းက တအားအေးတော့ အမေက သူတို့ လာပို့တာကို ခင်းထိုင်ပြီး ငြိမ်းကို ပွေ့ပြီး စကားတွေ ပြော သီချင်းတွေ ဆိုပြီး ချော့သိပ်တယ်။ တအား အေးတော့ အိပ်ရင်းနဲ့ တရေးနိုးတဲ့အချိန်တိုင်း အမေက ငိုနေတယ်။

ဆူညံနေတဲ့ အသံတွေကြောင့် နှိုးလာတော့ အခန်းထဲမှာ စစ်သားတွေက အမေ့ကို မေးနေကြပြန်ပြီ။ ငြိမ်း အပေါ့ အလေး စွန့်ဖို့ အမေက ခွင့်တောင်းတော့ “အဲ့မှာပဲ ပေါက်ချလိုက်၊ နင်တို့က အဖမ်းခံထားရတာ၊ $ ဇယားတွေကို ရှုပ်နေတာပဲ” ဆိုပြီး မိုက်မိုက်ရိုင်းရိုင်း ခြေလက်တွေနဲ့ ညွှန်ပြပြီး ပြောတယ်။ မေးလို့ မပြီးမချင်း ဘာမှလုပ်လို့ မရတော့ ငြိမ်းလည်း သူထွက်သွားမယ့် အချိန်ထိ အောင့်ထားရတာပဲ။ အဲ့ဒီနေ့က အခန်းထဲမှာ ပူလိုက်တာ။  သူတို့ တံခါးလေးဖွင့်ပြီး ထွက်သွားရင် လေအေးအေးလေးတွေ ဝင်လာတာ ကောင်းနေရော။

လေအေးတွေနဲ့အတူ ငြိမ်းတို့အခန်းရဲ့ မျက်နှာချင်းဆိုင်ဘက်အခြမ်းက အခန်းတခုထဲကနေ အဖေ့အသံရယ် ဦးဦးတွေထဲက တယောက်နဲ့ တူတဲ့အသံတွေကို တချက် တချက် ကြားရတယ်။ တခါတလေကျတော့လည်း တအားနာလို့ အော်တဲ့ အသံကြီးတွေကို ကြားရတယ်။ တခါတလေ အမေက တံခါးနားမှာကပ်ပြီး နားထောင်ရင်း အဖေ့အသံနဲ့ တူတဲ့အသံကြားရင် တံခါးထုပြီး အပေါက်လေးကနေ သန့်စင်ခန်း သွားချင်တဲ့အကြောင်း အော်ပြောတတ်တယ်။ ပြောတိုင်းလည်း အဆဲခံရတာချည်းပဲ။

တခြားအခန်းကလူတွေ ထွက်နေရင်လည်း ပေးမထွက်ဘူး။ နောက်တော့ ခဏခဏ ရှူးပေါက်မှာစိုးလို့ ရေလည်း နည်းနည်းပဲ သောက်ရသလို ခဏခဏ သန့်စင်ခန်း မသွားအောင်လို့ဆိုပြီး အခန်းထဲမှာ ဆီးအိုးနဲ့ သွားခိုင်းတယ်။ ဆီးအိုးမပြည့်မချင်း အပြင် မထွက်ခိုင်းခဲ့ပါဘူး။

နှစ်ရက်မြောက်ညက အပြင်ကို ထွက်ရပြီး ပြန်လာတော့ အမေ မျက်နှာမကောင်းဘူး။ အဲ့ညကတော့ နာလွန်းလို့ အော်တဲ့အသံတွေကို မကြာခဏ ကြားရတာပဲ။ နောက်တနေ့ မနက်ရောက်တော့ စကားကောင်းကောင်းပြောတဲ့ စစ်သားဦးဦး ရောက်လာပြီး အမေ့ကို စာရွက်တွေနဲ့ အသံပိတ်ထားတဲ့ ဗီဒီယိုပြတယ်။ အဲ့ဒါကြည့်ပြီးတာနဲ့ အမေက စစ်သားဦးဦးမေးတာကို အကုန်ဖြေပေးခဲ့တယ်။

ခဏနေတော့ စစ်သားဦးဦးက ထွက်သွားပြီး ပြန်ဝင်လာတယ်။ ဘာလို့ အဲ့လိုအကုန် ဖြေရတာလဲ။ အဲ့လိုအကုန်ဖြေတော့ တရားစွဲမယ့်ဟာတွေက ပိုများသွားပြီ။ ခု ထပ်မေးတာတွေကို မဖြေဖို့နဲ့ အခု စီစီတီဗီ ပိတ်ထားတယ်ဆိုတဲ့ အကြောင်းပြောပြီး ပြန်ထွက်သွားတယ်။ နည်းနည်းကြာတော့ စာရွက်စာတမ်းတွေနဲ့ ပြန်ဝင်လာပြီး အမေ့ကို နည်းနည်းထပ်မေးပြီး လက်မှတ်တွေ ထိုးခိုင်းတယ်။

ထမင်းစားပြီးတော့ အဲ့ဒီစစ်သားဦးဦးပဲ‌ ရောက်လာတယ်။ အဒေါ်က နေ့တိုင်းငိုပြီး ငြိမ်းတို့သားအမိနဲ့ အတူထားပေးဖို့ ပြောလို့ဆိုပြီး အဒေါ်တို့အခန်းကို ပြောင်းလာခဲ့ရတယ်။ စစ်သားတယောက်က ဦးလေး (သူတို့ အဖမ်းခံရတုန်းက ကွမ်းဝယ်ဖို့သွားရင်း လွတ်သွားတဲ့ အဖေ့ညီလေး) က ပေးလိုက်တာဆိုပြီး အဝတ်တွေနဲ့ မုန့်တွေလည်း လာပေးတယ်။

အဲ့ဒီနေ့ကစပြီး ငြိမ်းရယ်၊ အမေရယ်၊ အဒေါ်ရယ်၊ ညီမလေးရယ်နဲ့ အတူ တခန်းတည်း နေခဲ့ရတယ်။ ညီမလေးက ဗမာစကား မတတ်ပေမယ့် ငြိမ်းပြောရင် နားလည်တော့ အခန်းထဲမှာ အတူတူဆော့လို့ ရခဲ့တယ်။ အခန်းထဲမှာ လာပေးထားတဲ့ ခဲတံတွေနဲ့ နံရံတွေမှာ ပုံနည်းနည်း ဆွဲခဲ့တယ်။ အမေနဲ့ အဒေါ်က နံရံမှာ ရေးထားတဲ့စာတွေကို ဖတ်ပြပြီး ဒီအခန်းတွေမှာ နေခဲ့ရတဲ့ လူတွေအကြောင်းကိုလည်း သူတို့ချင်း ဆွေးနွေးကြတယ်။

 “နေရောင်မြင်ချင်တယ်”

ငါ့လို နောက်လူတွေ မခံရပါစေနဲ့”

နာတယ်” ဆိုတဲ့ သွေးနဲ့ ရေးထားတဲ့ စာလုံးတွေနဲ့ ဦးတည်ရာမဲ့ ခပ်ကြမ်းကြမ်း ခြစ်ထားတဲ့ မျဉ်းကြောင်းတွေကို ကြည့်ရင်း စကားတွေ ပြောကြတယ်။ ငြိမ်းတို့ညီအမ အိပ်ပျော်လို့ တရေးနိုးတိုင်း အမေနှစ်ယောက်က စကားပြောရင်း ငိုနေခဲ့ကြတာ၊ အပြင်ရောက်ရင် ဖြစ်နိုင်တဲ့ အခြေအနေတွေကို ဆွေးနွေးနေကြတာကို အမြဲတမ်း မြင်ခဲ့ရတယ်။ အမေတို့ ပြောနေတဲ့ အပြင်ရောက်ရင်ဆိုတဲ့ စကားကို ငြိမ်း နားမလည်ပါဘူး။ ငြိမ်း သိတာက အပြင်ရောက်ရင် အဖေ့ကိုလည်း တွေ့ရမယ် ဆိုတာပါပဲ။

ဒီဇင်ဘာ ၂၇၊ အမေ နောက်မှာ ဖေဖေ

မနက်ဆိုရင် အိပ်ယာက ထတာနဲ့ ကိုယ်လက်သန့်စင်ဖို့ နေတဲ့အခန်းကထွက် မျက်နှာသစ်၊ ပလုတ်ကျင်း၊ သန့်စင်ခန်းသုံးပြီး အခန်းကို ပြန်ရတယ်။ ဦးလေးက အဝတ်တွေ ထည့်ပေးလိုက်ပေမယ့် ရေလည်း မချိုးရပါဘူး။ သွားလည်း မတိုက်ရတာ ကြာလှရှိပြီ။

အခန်းထဲ ပြန်ရောက်ပြီး သိပ်မကြာလိုက်ခင်မှာပဲ “ကဲ ထ ပြင်ထား အခန်းထဲကထွက်။ အချုပ်ပြောင်းမယ်” လို့ စစ်သားတယောက်က တံခါးလာဖွင့်ရင်း ပြောတယ်။  ငြိမ်း ထင်တာက အပြင်ထွက်ရပြီ၊ အဖေ့ကို တွေ့ရတော့မယ်ပေါ့။ အမေ၊ အဒေါ်တို့နဲ့အတူ ရှိတဲ့ ပစ္စည်းတွေကို သိမ်းကူပြီး သုံးနှစ်အရွယ် ညီမလေးကို လက်တွဲပြီး “ညီမလေး ပါးပါးတို့ကို တွေ့ရတော့မယ်” လို့ ပြုံးပြီး ပြောရင်း အခန်းပြင်ကို ထွက်လိုက်တယ်။

အခန်းအပြင် ရောက်တာနဲ့ အပြင်မှာစောင့်နေတဲ့ စစ်သားတွေက အမေ့ခေါင်းကို ပိတ်စအိတ် အမည်းကြီး စွပ်ချလိုက်တယ်။ လက်နဲ့ ခြေထောက်ကို တွဲထားတဲ့ သံချောင်းတွေ၊ သံကွင်းတွေနဲ့ အမေ့ကို တွဲချည်လိုက်တယ်။ အဒေါ်က မျက်နှာပျက်ကျသွားပြီး မလုပ်ဖို့ တားပေမယ့် ဘာတစ်ခွန်းမှ ပြန်မပြောခဲ့ဘူး။ ငြိမ်း လန့်သွားတာကို သိတဲ့ အမေက “သမီးရေ၊ ဘာမှ မဖြစ်ဘူးနော်၊ လာတုန်းကလိုပဲနော်” လို့ ပြောတယ်။

အလာတုန်းက အမေက လက်မှာ ချုပ်ထားပေမယ့် ငြိမ်း ကို ပွေ့နိုင် တွဲနိုင် သေးတယ်လေ။ အခုကျ အမေ့မှာ ခြေထောက်ပါ တွဲချုပ်ထားလို့ လက်တောင် မြှောက်လို့ မရတော့ဘူး။ အဲ့ဒီအချိန်မှာ စစ်သားကြီးတယောက်က ပြေးလာပြီးပြောလို့ အမေ့ခေါင်းက အိတ်အမဲကြီးကိုချွတ်ပြီး ပိတ်စအမည်းနဲ့ မျက်လုံးကိုပဲ ပြောင်းချည်ပေးခဲ့တာ။

ငြိမ်းတို့ ဒီဘက်အခန်းထဲက ထွက်တဲ့အချိန်မှာ မျက်နှာချင်းဆိုင် အခန်းတွေဘက်ကနေလည်း လူကြီးတွေ အများကြီး အမေ့ကို ချုပ်သလိုမျိုး ချုပ်ခံရပြီး တန်းစီ ထွက်လာကြတယ်။ အဖေ အိမ်ကနေ ထွက်သွားတုန်းက ဝတ်သွားတဲ့ ဝတ်စုံကို ဝတ်ထားတဲ့ လူကြီးက ဒဏ်ရာတွေ ဗရဗွနဲ့ ဘေးနားက ဦးဦးတယောက်နဲ့အတူ ဖြည်းဖြည်းချင်း လမ်းလျှောက်လာတယ်။ မြန်မြန်သွားဖို့ ပြောတဲ့အချိန် ပြန်ပြောတဲ့ အသံကြောင့် ဒါက ငြိမ်းရဲ့ အဖေဆိုတာ သေချာသွားတာ။ အဖေ့ကို တွေ့တော့ ခါတိုင်းလို ပါပါးလို့လည်း လှမ်းမအော်ရဲခဲ့ပါဘူး။

မေမေ၊ အနောက်မှာ ပါးပါးနဲ့ ဦးဦးတို့လည်း အတူပါလာတယ်” လို့ အမေ့အင်္ကျီကိုဆွဲပြီး တိုးတိုးလေး ပြောဖြစ်ခဲ့တယ်။

ငြိမ်းတို့ လေးယောက်နဲ့ စစ်သားတွေက စစ်ကားတစီး၊ အဖေနဲ့ ဦးဦးတို့က စစ်ကားတစ်စီးနဲ့ ကားအကြာကြီးစီးပြီး ရဲစခန်းတခုနဲ့ တရားရုံးတခုကို ရောက်ခဲ့ကြတယ်။

အဖေ အမေတို့နဲ့လည်း အတူ စကားမပြောလိုက်ရဘဲ စစ်သားတွေက ငြိမ်းရယ်၊ အဒေါ်ရယ် ညီမလေးရယ်တို့ကို ငြိမ်းတို့ အိမ်လမ်းထိပ်ကို ပြန်ပို့ပေးခဲ့တယ်။ အဒေါ်က တောင်းပန်လို့ စိတ်ကောင်းရှိတဲ့ စစ်သားဦးဦးက အမေတို့ဆီက သိမ်းထားတဲ့ ပိုက်ဆံ ၁၀ သိန်းထဲက ၂ သိန်းကို ပြန်ပေးခဲ့တယ်။ အဒေါ်က ဖုန်းကိုလည်း ပေးခဲ့ပါလို့ တောင်းပန်တော့ ဖုန်းထဲက လက်သုံးချောင်း ထောင်ထားတဲ့ပုံ ဖျက်ဖို့ ပြောပြီး ပြန်ပေးခဲ့တယ်။

အိမ်ကိုပြန်ရောက်တော့ အိမ်က ရှုပ်ပွနေတာပါပဲ။ အဒေါ်က စစ်သားတွေ ပြန်သွားပြီလား ကြည့်ပြီးတော့ အိတ်တလုံးထဲ အဝတ်အစားတွေထည့် ငြိမ်းနဲ့ ညီမလေးကို လက်ဆွဲပြီး တွေ့တဲ့ကား တက်စီးရင်း ခရမ်းမြို့ကို ရောက်သွားခဲ့တယ်။ ဘယ်မှ မသွားတတ်တဲ့ အဒေါ်က အဲ့ဒီမှာရှိတဲ့ တည်းခိုခန်းတခုမှာတည်းပြီး ငြိမ်းတို့ ညီအစ်မနှစ်ယောက်နဲ့အတူ ဦးလေးကို ဆက်သွယ်ဖို့ စောင့်နေခဲ့တယ်။

လေးငါးရက်လောက်ကြာတော့ အဒေါ်နဲ့ ဦးလေးတို့ ဆက်သွယ်ပြီး တည်းခိုတဲ့နေရာကနေ ကားအကြာကြီးစီးပြီး အဖေနဲ့ ဦးလေးတို့ရဲ့မိတ်ဆွေအိမ်ရှိတဲ့ တာမွေက ဦးဦး အုပ်ကြီးတို့အိမ်ကိုရောက်လာပါတယ်။ အဲ့ဒီအိမ်မှာနေပြီး အဖေနဲ့ အမေတို့ကို တရားရုံးချိန်းနေ့တွေမှာ အဖေ့ကို တလှည့် အမေ့ကို တလှည့် ဦးဦးနဲ့အတူ သွားတွေ့ရပါတယ်။

ငြိမ်းကို အဖေနဲ့ အမေက အချိန်အတော်ကြာ ခွဲနေရမှာမို့ ဦးလေးနဲ့ အဒေါ်စကား နားထောင်ဖို့နဲ့ စာကြိုးစားဖို့ ကောင်းကောင်းစားဖို့နဲ့ ကျန်းမာအောင်နေဖို့ သံဇကာတွေနဲ့ အခန်းထဲကနေ ခဏ ခဏမှာပါတယ်။ အချုပ်ထဲကနေ ရုံးခန်းထဲကို ဝင်တဲ့အချိန် (တရားရုံး) လမ်းလျှောက်တဲ့ အချိန်မှာတော့ လိုက်ပို့တဲ့ ဦးဦးရဲတွေနဲ့ အန်တီရဲတွေက သဘောကောင်းရင် အဖေနဲ့ အမေရဲ့ လက်ကို သွားကိုင်တာ ဖက်တာတွေ လုပ်လို့ ရခဲ့ပါတယ်။

အဖေနဲ့ အမေကို အဲ့လို လိုက်တွေ့ရာကနေ တရက်ကျတော့ အဖေနဲ့ အမေကို နည်းနည်းပိုကြာအောင် တွေ့ရပြီး စကားတွေ အများကြီး ပြောခဲ့ရတယ်။ ဖေဖေရော မေမေကပါ သမီးကို ချစ်တဲ့အကြောင်းနဲ့ ခါတိုင်းပြောနေကျ စကားတွေကိုပဲ ထပ်ပြီး ပြောခဲ့ပါတယ်။ ဖေဖေနဲ့ မေမေက အကြာကြီး ခွဲရမှာမို့ သမီးကို ကျန်းမာရေး ဂရုစိုက်ဖို့နဲ့ စာကြိုးစားဖို့ကို သေချာပြောပြီး ပွေ့ဖက်ခဲ့ကြတယ်။ အဖေနဲ့ အမေကို အချုပ်ကားကြီးနဲ့ ခေါ်သွားခဲ့တဲ့ အဲ့ဒီနေ့ နောက်ပိုင်းမှာတော့ ဦးလေးက ငြိမ်းကို တရားရုံးကို မခေါ်သွားတော့ဘူး။

ငြိမ်းရဲ့ ဆုတောင်းစကား

ငြိမ်းမှာ ဖိုးဖိုးဖွားဖွား ဆွေမျိုးတွေရယ်လို့ မရှိပါဘူး။ ဆွေမျိုးဆိုလို့ အဖေ့ရဲ့ညီ ဦးလေး တယောက်ပဲ ရှိတာပါ။ ဦးလေး၊ အဒေါ် ညီမလေးတို့နဲ့အတူ ဦးဦးအုပ်ကြီးတို့အိမ်မှာ တည်းခိုရင်း နေလာရာက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလရဲ့ တရက်မှာတော့ ငြိမ်းတို့နေရာ ထပ်ရွှေ့ရဖို့ ဖြစ်လာပြန်ပါတယ်။

ငြိမ်းတို့ ကလေးနှစ်ယောက်နဲ့ နေရာစုံ ရွှေ့ပြောင်းနေရတဲ့အချိန်မှာ တရက်ကျတော့ အဒေါ်ရဲ့ မိဘတွေနဲ့ အဆက်အသွယ် ရကြပါတယ်။ ဖိုးဖိုးဖွားဖွားတို့က ငြိမ်း မိဘတွေကို ဖမ်းထားတာမို့လို့ ငြိမ်းကို စစ်သားတွေက ဘာမှ လုပ်မှာမဟုတ်တဲ့အပြင် ကျောင်းတက်ရမယ့်အရွယ် ဖြစ်နေပြီမို့လို့ သူတို့နဲ့ ထားခဲ့ဖို့ ဆွေးနွေး နေခဲ့ကြပါတယ်။ အဖေနဲ့အမေကို လတိုင်း ရိက္ခာပို့ဖို့ကို စိတ်မပူဖို့ ပြောပြီး ညီမလေးတို့ မိသားစုကို လွှတ်ရာကို ပြေးခိုင်းပါတော့တယ်။ ဦးလေးတို့ကလည်း မတတ်နိုင်တဲ့အဆုံး အဖိုးအဖွားတို့ရဲ့ စကားကို လက်ခံပြီး လမ်းတနေရာမှာ ဆုံဖို့ချိန်းပြီး ငြိမ်းကို ချန်ထားခဲ့ရပါတော့တယ်။

တကြိမ်တခါမှ မဆုံဖူးတဲ့ အဖိုး၊ အဖွားတွေက ငြိမ်းကို နွေးနွေးထွေးထွေး ကြိုဆိုပြီး သူတို့ မြေးအရင်းတယောက်လို ကျွေးမွေး စောင့်ရှောက်ပေးတဲ့အပြင် ကျောင်းထားပေးကြတယ်။ ပုံမှန်အသက်အရွယ်အရဆိုရင် ငြိမ်းက ဒုတိယတန်း တက်ရတော့မှာပါ။ ဒါပေမယ့်  ကျောင်းသေချာ မနေခဲ့ရတော့ ခု ပထမတန်းကနေ စပြီး ကျောင်းတက်နေပါတယ်။

အခုဆို ငြိမ်း တယောက် အဖိုးအဖွားတို့ဆီ ရောက်နေတာ တနှစ်ပြည့်ပါတော့မယ်။ အဖေနဲ့ အမေတို့ အဖမ်းခံရပြီး ထောင်ကျသွားတာလည်း ၂နှစ် ပြည့်ပါတော့မယ်။ ငြိမ်းရဲ့ဆန္ဒကတော့ မိသားစု စုံစုံလင်လင်နဲ့ ရွှေတိဂုံကို ဘုရားဖူးပြီး ကစာကွင်းနဲ့ တိရိစ္ဆာန်ဥဃျာဉ်ကို လျှောက်လည်ချင်တာပဲ ဖြစ်ပါတယ်။

ငြိမ်းရဲ့ မိဘနှစ်ပါးကို စစ်ကောင်စီအဖွဲ့တွေက ဥပဒေပုဒ်မ မျိုးစုံတပ်ပြီး ဖခင်ဖြစ်သူကို ထောင်ဒဏ် နှစ်ပေါင်း သုံးဆယ်ကျော်နဲ့ မိခင်ဖြစ်သူကို ထောင်ဒဏ် နှစ်ပေါင်း နှစ်ဆယ်ကျော် ချမှတ်ခဲ့ပါတယ်။ စစ်ကောင်စီက ချမှတ်ခဲ့တဲ့ အမိန့်တွေ ခုနှစ်တွေကို နားမလည်တဲ့ ငြိမ်း အတွက်ကတော့ သူ့ဖခင်နဲ့ မိခင်ဟာ အနည်းဆုံး နောင် နှစ်ပေါင်း နှစ်ဆယ်ကျော် သူ့အသက် ၃၀ ကျော်မှ ပြန်လွှတ်လာမယ်ဆိုတာကို နားမလည်သေးပါဘူး။

ငြိမ်း အတွက်ကတော့ ညအိပ်ရာဝင်ချိန်တိုင်း ဖိုးဖိုး၊ ဖွားဖွားတွေနဲ့ ဘုရားရှိခိုးရင်း အဖေနဲ့ အမေ ကျန်းကျန်းမာမာ ရှိနေပြီး သူ့ဆီအမြန်ပြန်လာနိုင်ဖို့ကိုပဲ ဆုတောင်းလျက် ရှိပါတော့တယ်။

Related posts

စကမထံမှ အလင်းဝင်လာသူ ၁၃ ဦး ကျောင်းသားလက်ရုံးတပ်တော်တွင် တာဝန်ထမ်းဆောင်နေ

Rakhita Times

AA က မြစ်ဝကျွန်းပေါ်မှာ နယ်မြေစိုးမိုးမှုလုပ်ပြီး နေပြည်တော်ကို ချီတက်မယ်

Rakhita Times

သံတွဲကို စကမ ဗုံး ၃ လုံးလာကြဲ(Breaking News)

Rakhita Times

239 comments

Leave a Comment