အာရက္ခတိုင်းမ်စ်(၂၀ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေတဲ့ စစ်ကော်မရှင်ကို အရေးယူပေးရန် အဖွဲ့ပေါင်း ၂၀၉ ဖွဲ့ က တောင်းဆိုထားတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
အာဏာရှင်စနစ် ပျက်သုဉ်းရန် တော်လှန် တိုက်ပွဲဝင်နေတဲ့ ပြည်သူများ၊ ပြည်တွင်း၊ အာဆီယံ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်တဲ့ လုံခြုံရေးအရ အမည်မဖော်ပြနိုင်တဲ့ အဖွဲ့အစည်း ၂၄ ဖွဲ့ အပါအဝင် အဖွဲ့အစည်းပေါင်း ၂၀၉ ဖွဲ့က တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာမှ လေယာဉ်ဆီများ မြန်မာပြည်တွင်းသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တင်ပို့၊ ရောင်းချ၊ လွှဲပြောင်း (သို့) ဖြန့်ဖြူးနေမှုများကို ချက်ချင်း ပိတ်ဆို့ ဖြတ်တောက်ပြီး လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်တွင် ပါဝင်နေတဲ့ အာဆီယံအပါအဝင် နိုင်ငံတကာကုမ္ပဏီများ၊ ကော်ပိုရိတ်များကို ထိရောက်စွာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန်၊ နိုင်ငံတကာအစိုးရများ၊ အထူးသဖြင့် ယူကေအစိုးရအနေနဲ့ မြန်မာနိုင်ငံသို့ လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေးတွင် ပါဝင်နေတဲ့ ဆီတင်သင်္ဘောများနဲ့ အခြေခံ အဆောက်အအုံများ (ဆိပ်ကမ်းများ၊ ဆီသိုလှောင်ကန်များနဲ့ ပိုက်လိုင်းများ) အတွက် ရေကြောင်းအာမခံ ဝန်ဆောင်မှုပေးနေခြင်းကို ပိတ်ဆို့ တားဆီးရန် တောင်းဆိုထားပါတယ်။
ဆက်လက်ပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ကျူးလွန် တိုက်ခိုက်နိုင်နေခြင်းဟာ အာဏာရှင် မိတ်ဖက် ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စတဲ့ နိုင်ငံများကနေ လေယာဉ်နဲ့ ဗုံးကြဲ တပ်ဆင်တဲ့ လက်နက် ကိရိယာများ ဝယ်ယူနိုင်ခြင်းကြောင့်ဖြစ်ပြီး ထိုသို့ ဝယ်ယူနိုင်ရန် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက လစဉ် ဓါတ်ငွေ့ဝင်ငွေများ တရားမဝင် စစ်အုပ်စုကို ဒေါ်လာ သန်းနဲ့ချီ ငွေပေးချေနေမှုများကိုလည်း ချက်ချင်း ရပ်တန့်ရမှာ ဖြစ်တဲ့အတွက် ပြည်သူ့ဘဏ္ဍာ ရေနံ ဓါတ်ငွေ့ အခွန်ငွေများကို တရားမဝင် စစ်အုပ်စု ထုတ်ယူသုံးစွဲခွင့်မရှိတဲ့ အက်စ်ခရိုး အကောင့်တွင် သိမ်းဆည်းရန်လည်း ထည့်သွင်း တောင်းဆိုထားပါတယ်။
အတုအယောင် ရွေးကောက်ပွဲကို ပြည်တွင်းမှာ သေနတ်ထောက် ခြိမ်းခြောက် ဖမ်းဆီးကာ အတင်းအဓမ္မ ပြုလုပ်ရန်ကြိုးစားနေပြီး နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်မရစေရန် နဲ့ အရပ်သားပစ်မှတ်များအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများကို ချက်ချင်း ရပ်တန့်ရန် နိုင်ငံတကာအစိုးရများ အားလုံးအနေဖြင့် တစုတစည်းတည်း ပြစ်ဒဏ်ပေး အရေးယူရမယ်လို့လည်း ဆိုထားပါတယ်။
စစ်ကော်မရှင်ရဲ့အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုများ ရပ်တန့်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများကိုအရေးယူပေးရန်အတွက် အာဆီယံ (ASEAN)၊ ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU) နဲ့ နိုင်ငံတကာ အစိုးရများ အနေဖြင့် ရှုချကန့်ကွက်ကြောင်း စာထုတ်ပြန်ခြင်းသာ မပြုလုပ်ဘဲ အဆိုပါ ထိရောက်သော အပြစ်ပေး ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရမှာ ဖြစ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

7 comments