အာရက္ခတိုင်းမ်စ် (၂၄ ဒီဇင်ဘာ ၂၀၂၅)
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းအနီး စစ်ကော်မရှင်ရဲ့ရှေ့တန်းက တပ်ဖွဲ့ဝင် ၃ဦး ဟာ (CDF – Asho) ထံ အလင်းဝင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှိုက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ ရှေ့တန်းစစ်မြေပြင်က တပ်သား သုံးဦးဟာ ဒီဇင်ဘာလ ၁၄ ရက် နဲ့ ဒီဇင်ဘာ ၁၉ ရက်မှာ လက်နက်ခဲယမ်းများနဲ့အတူ ဘက်ပြောင်း အလင်းဝင် ပူးပေါင်းလာခဲ့တာပဲ ဖြစ်ပါတယ်။
ဘက်ပြောင်း အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ( ၃ ) ဦးရဲ့ ထွက်ဆိုချက်များအရ “ ရှေ့တန်းစစ်မြေပြင်တွင် အထက်တပ်မှူးများရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ နေ့စဉ်နဲ့အမျှ တပ်မှထွက်ပြေးရန် ကြိုးစားလျှက်ရှိနေကြတယ်” လို့ (CDF – Asho) က ဆိုပါတယ်။
စစ်ကော်မရှင်ဟာ စစ်မှုမထမ်းမနေရဥပဒေကို ခုတုံးလုပ်ကာ မြန်မာနိုင်ငံအနှံ့မှ လူငယ်များကို တပ်သားသစ်စုဆောင်းပြီး တိုက်ပွဲများ ဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မြေပြင်များသို့ ပိုဆောင်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းခံရပြီး အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနေရတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီး စစ်မြေပြင်မှ လူငယ်များအနေနဲ့ ချင်းကာကွယ်ရေးတပ် – အရှိုထံသို့ ဘက်ပြောင်းလိုပါက အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်းရဲ့ အသက်နဲ့ လုံခြုံမှု ရရှိစေရေးကို ချင်းကာကွယ်ရေးတပ် – အရှိုမှ အာမခံကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ ငဖဲမြို့နယ် အမ်း – ပဒါန်းလမ်းပေါ် နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းအတွက် အဓိကဖြစ်တဲ့ ဂုတ်ကြီးစခန်းအနီးမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကော်မရှင်တို့အကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂုတ်ကြီးကျေးရွာက အစိတ်အပိုင်း တချို့ကို စစ်ကော်မရှင်က သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှာတော့ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

4 comments