အာရက္ခတိုင်းမ်စ် (၃၀ ဇန်နဝါရီ ၂၀၂၆)
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်အဖွဲ့တွေနဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်ဘက်က တပ်သား တရာကျော်ကျော် ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။
“ ၂၆ ရက် ညဖက်က သေဆုံးတပ်သားတွေကို ဖော်ကားနဲ့သယ်ပြီး ခမရ ၃၀၈ ကိုပို့တယ်၊ ၂၇ ရက် မနက်ပိုင်းကလည်း ဖောကားနဲ့ပဲ ဒဏ်ရာရတဲ့သူတွေကို အနောက်တောင်တိုင်းစစ်ဌာနချုပ် မဆရ ၄ ကို ပို့တယ်” လို့ သာပေါင်းမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော်၊ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကတော့ သာပေါင်းမြို့နယ်က သာပေါင်းလေး၊ ကျားခေါင်း၊ ကင်မွန်းခြုံ၊ သစ်ဝမ်းပူ စတဲ့နေရာပဲ ဖြစ်ပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ သဲဖြူကျေးရွာရှိ ဒေသခံပြည်သူတွေကို နှင်ထုတ်ပြီး လက်နက်ကြီးများတပ်ဆင်က အထိုင်ချပြီး ခုခံနေတယ်လို့လည်း သိရပါတယ်။
“ မနေ့ညကလည်း ကာကင်းတခု ထပ်ကျတယ်လို့ ပြောသံကြားရတယ်။ ညဖက်ဆို ဖော်ကားတွေ အကာချပြီး သွားလာနေတာတွေတော့ တွေ့မြင်နေရတယ်” လို့ သူက ထပ်မံပြောပါတယ်။
အဆိုပါ တိုပ်ပွဲဖြစ်ပွားရာနေရာများကို စစ်ကော်မရှင်ရဲ့ ခမရ-၃၀၈ ကနေပြီး လက်နက်ကြီးများနဲ့ ပစ်ကူပေးနေပြီး သဲဖြူ၊ မရမ်းကျင်း၊ ဖိုချောင်းကျေးရွာတွေကနေ ခမရ-၃၀၈ အထိ ကင်းပုန်းများ ချထားတယ်လို့လည်း သိရပါတယ်။
