အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်ကြား၊ ချောင်းတူရွာအနီး စစ်သုံ့ပန်း အကျဉ်းစခန်းထားရှိခဲ့တဲ့နေရာ အနီးတဝိုက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ထပ်မံဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၉ နာရီ ဝန်းကျင်နဲ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၉ နာရီကျော် အချိန်မှာ ကျောက်တော်မြို့နယ်၊ ချောင်းတူရွာအနီးဝန်ကျင်နဲ့ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတို့ကို ဗုံးကြဲခဲ့ပါတယ်။
ယနေ့ နံနက်က ဗုံးကြဲမှုဟာ ဝါဘိုကျေးရွာ စာသင်ကျောင်းမှာ ကျရောက်ပေါက်ကွဲ သွားခဲ့တယ်လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
“ချောင်းတူဖက်ကို ကြဲတာက အရင်တုန်းက ပစ်ခဲ့တဲ့ စစ်သုံ့ပန်းတွေ ရှိခဲ့တဲ့နေရာ အနီးဝန်းကျင်ကို လာကြဲတာ။ စစ်သုံ့ပန်းတွေ ရှိသေးတယ်ထင်လို့ လာကြဲတာထင်တယ်။ အဲ့အနီးက တောင်တန်းတွေကို ကြဲခဲ့တယ်။ ဒီနေ့မနက်ကတော့ ဝါဘိုရွာ စာသင်ကျောင်းကို ကြဲသွားတယ်” လို့ သူက ဆိုပါတယ်။
အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ချောင်းတူရွာအနီး အကျဉ်းစခန်းကို ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းများအပါအဝင် သူတို့ရဲ့ မိသားစုဝင် ၂၁ ဦးသေဆုံးသွားခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း ကျောက်တော်နဲ့ မြောက်ဦးမြို့တို့ကို ဗုံးကြဲခဲ့မှုကြောင့် လသားကလေးငယ်တဦးအပါအဝင် အရပ်သား ၇ ဦးနဲ့ သေဆုံးခဲ့ရပါတယ်။
