အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ ၂၀၂၆)
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဟာ သူ့ရဲ့ လုံခြုံရေးအတွက် ရက္ခိုင်၊ ချင်း၊ စစ်ကိုင်းတို့နဲ့ ဆက်ဆံရေးကို ခိုင်မာစွာ တည်ဆောက်မှာပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးခွန်းဆိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“KIO ရဲ့သေနင်္ဂဗျူဟာကို ကြည့်မယ်ဆိုရင် ဘယ်နည်းနဲ့မဆို တဖက်က တရုတ်နဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားသလို သူ့ရဲ့ဗမာပြည်ရဲ့ အနောက်ဘက်အခြမ်းတွေ အကုန်လုံးကိုလည်း သူ့ရဲ့ လုံခြုံရေး၊ သူ့ရဲ့ အာမခံချက် ရနိုင်ဖို့ဆိုရင် ဒါက အရေးကြီးတယ်ဆိုပြီးတော့မှ ကချင်ပြည်နယ်ကနေစပြီး စစ်ကိုင်းတိုင်း၊ ချင်း၊ ရက္ခိုင်တို့ အားလုံးတို့နဲ့ သူက ဆက်ဆံရေးကို ခိုင်ခိုင်မာမာ တည်ဆောက်မှာပဲလို့ ကျနော် ပြောဖူးပါတယ်။ ကျနော် ဒီအတိုင်းပဲ မြင်ပါတယ် အခုထိ” လို့ သူက ပြောပါတယ်။
၂၀၂၆ ခုနှစ်ဟာ အပြောင်းအလဲတွေ အများအပြားဖြစ်မယ့်နှစ်လို့ မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာလုပ်တဲ့ ၆၅ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို အွန်လိုင်းကနေ မိန့်ခွန်းပြောချိန် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုခဲ့တာပါ။
ဒ့ါအပြင် ချင်းပြည်အရေးကို အလေးထားပြီး ဆောင်ရွက်နေကြောင်း၊ ကချင်ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်၊ NUG ရဲ့ ကသုံးလုံးဟာ ဖြစ်ပေါ်ဖို့ ကြိုးစားနေကြောင်း၊ အထက်ပိုင်း၊ မြောက်ပိုင်း တခုလုံး ထိန်းချုပ်နိုင်သွားရင် အောက်ပိုင်းကို အလွယ်တကူ ထိန်းသိမ်းနိုင်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။
ဒ့ါအပြင် NUG နဲ့ဆွေးနွေးလိုသလားလို့ နေပြည်တော်ကို မေးမြန်းထားသလို NUG ပါမှသာ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ကြောင်း KIA တဖွဲ့တည်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှာမဟုတ်ကြောင်း ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကျရောက်တဲ့ (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
